ဆံသား ကျန်းမာလှပတာမျိုးကိုပဲ လိုချင်တယ်ဆိုရင် ဆံသားနဲ့ပတ်သက်ပြီး အသေးအမွှားလေးကအစ ဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဆံသားနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း အမြဲသတိထား ဆင်ခြင်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းမသုတ်ပါနဲ့

ခေါင်းလျှော်ပြီး ဆံပင်ခြောက်အောင် towel နဲ့သုတ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်း သုတ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ဆံသားနာပြီး ကျွတ်တာ၊ ငြိတာတွေ ဖြစ်စေပါတယ်။ ဖြေးဖြေးချင်းစီ ဖွဖွလေး ဖိဖိပြီးသုတ်တာမျိုးပဲ လုပ်ပေးပါ။

Dryer ကိုအနီးကပ်မသုံးပါနဲ့

တော်တော်များများကတော့ ခေါင်းလျှော်ပြီးရင် Dryer သုံးတာပါပဲ။ Dryer သုံးတာက ဆံသားခြောက်ပြီး ဖွာစေပါတယ်။ ဒါကြောင့် သုံးမယ်ဆိုရင်လည်း လေပူမသုံးပဲ လေအေးနဲ့ပဲမှုတ်ပေးပါ။ ဆံပင်အနီးကပ်မမှုတ်ပဲ ဆံပင်နဲ့ခွာပြီး အဝေးကနေ မှုတ်ပေးပါ။

Dry shampoo ခဏခဏမသုံးပါနဲ့

Dry shampoo က တစ်ခါတစ်လေသုံးတာပဲ ကောင်းပါတယ်။ ခဏခဏသုံးရင်ကျတော့ ဦးရေပြားခြောက်ပြီး ယားတာ၊ ဗောက်ထတာတွေ ဖြစ်လာစေပြီး ဆံပင်ကျွတ်တာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် အရေးပေါ်အခြေအနေကျမှသာ သုံးပေးပါ။ ခေါင်းမလျှော်ချင်တိုင်း Dry shampoo သုံးတာမျိုးလည်း မလုပ်ပါနဲ့။

Conditioner ကို ဦးရေပြားထိအောင်မသုံးပါနဲ့

Conditioner သုံးရင် ဆံပင်အလယ်နားလောက်ကပဲ စပြီးသုံးပေးပါ။ ဦးရေပြားထိအောင်သုံးရင် ဗောက်ထတာ၊ ဦးရေပြားယားတာတွေ ဖြစ်စေပါတယ်။ သုံးထားတဲ့ Conditioner တွေက ရေပြောင်အောင်မလုပ်ရင် ဦးရေပြားအနာဖြစ်တာတွေအထိ ဖြစ်စေနိုင်ပါတယ်။

ဆံပင်အမြဲစည်းမထားပါနဲ့

ဆံပင်ကို အမြဲတမ်း တင်းကြပ်နေအောင်စည်းထားရင် ထိပ်ပြောင်ပြီး ဆံပင်ကျွတ်တာ၊ ဆံသားနဲ့ဦးရေပြားနာတာ၊ ခေါင်းကိုက်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်ကို အမြဲမစည်းထားပါနဲ့။ တင်းကြပ်နေအောင် ခဏခဏစည်းထားရင်လည်း ဆံသားကျိုးကြေတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဆံပင်စည်းရင် တင်းကြပ်နေအောင်လည်း မစည်းပါနဲ့။