ကမ္ဘာတစ်ဝှမ်းက အင်မတန်လူကြိုက်များလှတဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတွေမှာဆိုရင် သူတို့ရဲ့ ရိုးရာယဥ်ကျေးမှုတွေ၊ အနုပညာတွေ၊ အစားအသောက်တွေ၊ ရှုခင်းရှုကွက်တွေ စသဖြင့် အမြဲတမ်း ထည့်သွင်းရိုက်ကူးလေ့ရှိကြပြီး ခရီးသွားတွေကို ဆွဲဆောင်တတ်ကြပါတယ်။

အခုလိုမျိုး ဇာတ်လမ်းတွဲတွေထဲမှာ မြင်တွေ့နေရတဲ့ ရိုက်ကွင်းနေရာတွေထဲမှာ အများဆုံးပါဝင်တတ်တာက ကော်ဖီနဲ့ပတ်သက်တာ ဒါမှမဟုတ် ကော်ဖီဆိုင်တွေပါပဲ။ ဥပမာ ကော်ဖီဆိုင်တွေမှာ ဖွင့်ပြောမယ်၊ လမ်းခွဲမယ်၊ ချစ်ကြည်နူးမယ် စသဖြင့် အခြေအနေအမျိုးမျိုးအတွက် ထည့်သုံးတတ်ကြပါတယ်နော်။

ကော်ဖီဆိုင်မပါတဲ့ ကိုရီးယားဇာတ်လမ်းတွဲရယ်လို့ လက်ညိုးထိုးပြဆိုရင် ရှေးခေတ်နန်းတွင်းကားတွေပဲ ရှိလောက်မယ်ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ကော်ဖီကိုအဓိကထားတာမျိုး သို့မဟုတ် ကဖေးဆိုင်တို့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးတွေကို ရွေးနုတ်ဖော်ပြပေးချင်ပါတယ်။

1. “Would You Like a Cup of Coffee?”

Source: Rakuten Viki

ကိုရီးယားကာတွန်းပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ “Would You Like a Cup of Coffee?” ဇာတ်လမ်းတွဲမှာတော့ Wanna One အဖွဲ့ဝင်ဟောင်း မင်းသား Ong Seong Wu နဲ့ Park So Han တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကော်ဖီဆိုင်ကို လာရောက်လည်ပတ်ကြတဲ့ Customer တွေဆီကနေ သူတို့ရဲ့အခက်အခဲတွေ၊ အတွေ့အကြုံတွေ စတဲ့ အကြောင်းအရာတွေကို ပြောပြရင်းနဲ့ ဇာတ်လမ်းမှာ စီးမျောလိုက်ပါသွားနိုင်မှာဖြစ်ပါတယ်။

2. “Coffee Prince”

Source: Fanpop

“Coffee Prince” ဇာတ်လမ်းတွဲကတော့ ကိုရီးယားဇာတ်လမ်းတွဲ အမာခံပရိတ်သတ်တို့နဲ့ အင်မတန်ရင်းနှီးပြီးသားဖြစ်မှာပါ။ ၂၀၀၇ ခုနှစ်တုန်းက ကျော်ကြားခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ထိပ်သီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Gong Yoo နဲ့ Yoon Eun Hye တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ မင်းသမီးက ယောကျ်ားလေးအနေနဲ့ သရုပ်ဆောင်တဲ့ ဇာတ်လမ်းမျိုးကို ကြိုက်ကြသူတွေဆိုရင် ဒီဇာတ်ကားလေးကို ကြည့်ကြပါလို့ ညွှန်းချင်ပါတယ်။

3. “Cafe Kilimanjaro”

Source: Rakuten Viki

Kwon Hyun Bin နဲ့ Nahyun တို့ ခေါင်းဆောင်မင်းသားမင်းသမီးတွေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ “Cafe Kilimanjaro” ဇာတ်လမ်းတွဲလေးက အပိုင်း (၁၀) ပိုင်းပဲ ပါဝင်လို့ ဇာတ်လမ်းအရှည်ကြီးတွေ မကြည့်ချင်သူတွေ၊ အချိန်မရသူတို့အတွက် သင့်တော်ပါတယ်။ အောင်မြင်ဖို့ခက်ခဲနေတဲ့ Band အဖွဲ့တစ်ခုအနေနဲ့ သူတို့ရဲ့အိမ်မက်တွေကို အတင်းအကြပ် ဘေးဖယ်ထားရာကနေ နှစ်အတော်ကြာမှာ ပြန်လည်ဆုံစည်းကြပြီး ကော်ဖီဆိုင်လေးငှားရမ်းကာ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်း နီးစပ်လာကြတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။

4. “Cafe Minamdang”

Source: Soompi

Netflix အမာခံပရိတ်သတ်တွေကတော့ ဒီဇာတ်ကားလေးကို သိကြမှာပါ။ မင်းသား Seo In Guk ၊ မင်းသမီး Oh Yeon Seo တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်လမ်းအစကို ကြည့်ကြည့်ချင်းက နည်းနည်းဂယောက်ဂယက်နိုင်တယ်လို့ ထင်ရကောင်းပေမယ့် ဇာတ်ကောင်တွေနဲ့ ရင်းနှီးသွားပြီဆိုရင် ဇာတ်လမ်းကိုလည်း နားလည်လာမှာပါ။ Cafe Minamdang ဆိုတဲ့ ဆိုင်က ဝန်ထမ်းတွေကြား ပြောဆိုဆက်ဆံကြတာလေးတွေကိုကြည့်ပြီး ရယ်မောနေရမှာပါ။

5. “Mama Fairy and the Woodcutter”

Source: Korseries

နာမည်ကြီး Webtoon ကိုအခြေခံထားတဲ့ ဒီဇာတ်လမ်းလေးကတော့ အကြောင်းမလှဘဲ ဆုံးပါးသွားတဲ့ ထင်းခုတ်သမားနဲ့ လက်ထပ်ထားတဲ့ နတ်သမီးတစ်ပါးအကြောင်းပဲဖြစ်ပါတယ်။ ခင်ပွန်းဆုံးပါးသွားပြီး အသက် ၆၉၉ နှစ်ရောက်သည့်တိုင် ကော်ဖီဆိုင်မှာ အဖျော်ဆရာတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ရင်း ခင်ပွန်းလူပြန်ဝင်စားဖို့ကို စောင့်ဆိုင်းနေတဲ့ သူမရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မင်းသမီး Moon Chae Won က အဓိက ပါဝင်ထားပါတယ်။