ခြေထောက်အသားခြောက်ပြီး အရေပြားကွဲတတ်လို့ စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူတွေရှိလား။ ခြေထောက်အသားအရေက မျက်နှာအစိတ်အပိုင်းတွေနဲ့ယှဉ်ရင် ထိန်းသိမ်းမှုနည်းတာမို့ မွဲညစ်တာ၊ အသားခြောက်တာတွေ အဖြစ်များပါတယ်။ အခုလို ဆောင်းတွင်းဝင်လာတဲ့အချိန်တွေမှာဆို ပိုဆိုးပါတယ်နော်။ သေချာမထိန်းသိမ်းတာနဲ့ ဆဲလ်သေတွေစုပြီး အသားကြမ်းလာမှာပါ။

ဒီကြောင့်မို့ ဒီတစ်ခေါက်ဆောင်းပါးမှာ ခြေထောက်အသားခြောက်တာ သက်သာစေမယ့် ထိရောက်တဲ့ ထိန်းသိမ်းနည်းအဆင့်တွေကို မျှဝေလိုက်ရပါတယ်။

Dry Brush ပုံမှန်တိုက်ပေးပါ

Dry Brush က ရေမစွတ်ဘဲ ခြေထောက်ကို Brush နဲ့ ပွတ်တိုက်ပေးရတာပါ။ ခြေထောက်ထိပ်ကနေစကာ ဖြေးဖြေးချင်းအပေါ်ကိုပင့်ပြီး တိုက်ပေးရမှာဖြစ်ပါတယ်။ ဒီနည်းက ကိုယ်ပေါ်က အဆိပ်အတောက်နဲ့ ဆဲလ်သေတွေ ကွာကျပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။ ရေမချိုးခင်ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ရေချိုးဆပ်ပြာနဲ့ Cleanser တွေပိုပြီး စိမ့်ဝင်စေမှာပါ။

Scrub တိုက်ပြီး ဆဲလ်သေတွေဖယ်ရှားပါ

ခြေထောက်ပေါ်က ဆဲလ်သေတွေသန့်စင်ဖို့ Scrub တိုက်ပေးတဲ့အဆင့်ကလည်း အရေးကြီးပါတယ်။ Chemical မပါအောင် သဘာဝပစ္စည်းတွေနဲ့ DIY လုပ်ပြီး သုံးကြည့်ပါ။ သုံးနိုင်မယ့်နည်းတစ်မျိုးကတော့ သကြားညို၊ အုန်းဆီနဲ့ ပျားရည်တို့ကိုရောပြီး ရလာတဲ့အနှစ်ကို ခြေထောက်မှာ တိုက်ပေးတာပါ။ Scrub လုပ်ပြီးတိုင်း Foot Cream ဒါမှမဟုတ် Lotion လေးတစ်မျိုးလိမ်းပေးမယ်ဆိုရင် နူးညံ့စိုပြေတဲ့ ခြေထောက်လေးတစ်စုံကို အမြဲပိုင်ဆိုင်စေမှာပါ။

Chemical များတဲ့ဆပ်ပြာတွေကို ရှောင်ပါ

Chemical နဲ့ ချေးချွတ်အာနိသင်များတဲ့ ဆပ်ပြာတွေက ခြောက်သွေ့နေတဲ့ သင့်ခြေထောက်အသားအရေကို သဘာဝအဆီတွေဖယ်ရှားလိုက်သလိုဖြစ်ပြီး ပိုဆိုးသွားစေတာမို့ မသုံးမိအောင်သတိထားပေးပါ။ ရေချိုးဆပ်ပြာအတွက် အနံ့အရမ်းမပါတဲ့ အပျော့တစ်မျိုးကို ရွေးသုံးပေးရင် အကောင်းဆုံးပါပဲ။

သဘာ၀ Oil တစ်မျိုး လိမ်းပေးပါ

ညပိုင်းတွေမှာ Oil တစ်မျိုး လိမ်းပေးတာက တစ်နေ့ကုန် ခြေထောက်မှာကပ်နေတဲ့ အညစ်အကြေးနဲ့ ဆဲလ်သေတွေကို သန့်စင်ပေးနိုင်ပါတယ်။ အစိုဓာတ်ဖြည့်ပေးရုံမကဘဲ အသားယားတာ၊ နီမြန်းတာတွေပါသက်သာစေတာမို့ Dry Skin အတွက် Body Oil တွေက အရမ်းအသုံးဝင်မှာပါ။

SPF နဲ့ ကာကွယ်ပါ

နေလောင်ဒဏ်က ခြေထောက်အသားအရေကိုပါ ခြောက်သွေ့စေတာမို့ SPF ပါတဲ့ Sunscreen တွေ လိမ်းပေးတဲ့အဆင့်ကလည်း မဖြစ်မနေလိုအပ်ပါတယ်နော်။ Sunscreen ခဏခဏလိမ်းရမှာ ပျင်းတဲ့သူတွေကတော့ Sunscreen Spray တစ်မျိုးဖြန်းပေးတာမျိုး လုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar