မနေ့ကပဲ ခေါင်းလျှော်တယ်၊ ဒီနေ့ပဲ ဆံပင်က ကပ်စေးကပ်စေးဖြစ်ပြီး ပြန်ညစ်ပတ်သွားတယ်လို့ ခံစားရတဲ့အခါ ခေါင်းခဏခဏလျှော်ချင်စိတ်တွေ ဖြစ်လာပါတော့တယ်။ ခေါင်းခဏခဏလျှော်ခြင်းက ဆံပင်ကို ပျက်စီးစေပါတယ်။

ဒါဆိုရင် ဆံပင်မပျက်စီးဖို့အတွက် ခေါင်းခဏခဏလျှော်စရာမလိုအောင် ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးလိုက်ကြရအောင်။

၁။ ခေါင်းခဏခဏဖြီးခြင်း

ဆံပင်ကို ခဏခဏဖြီးခြင်း၊ ဒါမှမဟုတ် လက်နဲ့ခဏခဏထိတွေ့ကိုင်တွယ်ခြင်းက  ဦးရေပြားကို အလုပ်များများလုပ်ရအောင် ဖိအားပေးပါတယ်။ အဲ့ဒီအခါ ဆံပင်က ပိုညစ်ပတ်လာပါတော့တယ်။ တစ်နေ့ကို ၂ ကြိမ် ၃ ကြိမ်ခန့်ပဲ ခေါင်းဖြီးပေးပါ။ ခေါင်းဖြီးတဲ့အခါမှာလည်း ဦးရေပြားနဲ့ ဘီးနဲ့ မထိအောင် ဖြီးပါ။

၂။ သဘာဝပုံစံ

ဆံပင်ပြင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများက ဆံပင်ကို အလျင်အမြန်ညစ်ပတ်စေပါတယ်။ မြင်းမြီးပုံစံ ဆံပင်စည်းထားမယ်၊ ဆံထုံးထုံးထားမယ်ဆိုရင်လည်း သဘာဝအတိုင်း ပြုလုပ်ပါ။ ဆံပင်ပုံမပျက်အောင်ဆိုပြီး စပရေးဖြန်းခြင်းမှ ရှောင်ကြဉ်ပါ။

၃။ အပူချိန်လျော့ချထားပါ

ဆံပင်ဖြောင့်စက်၊ ကောက်စက်၊ ဆံပင်လေမှုတ်စက်တွေကို အသုံးပြုခြင်းက ဆံပင်ကိုအလျင်အမြန်ညစ်ပတ်စေတဲ့ အဓိက တရားခံပါပဲ။ အပူချိန်ပိုများလေ ဦးရေပြားထိခိုက်လေပါပဲ။ မဖြစ်မနေသုံးရမယ်ဆိုရင်တော့ အပူချိန် ၁၅၀ ဒီဂရီကနေ ၁၈၀ ဒီဂရီအတွင်းသာထားပေးပါ။

၄။ ခေါင်းအုံးစွပ်များကို ပုံမှန်လဲပေးပါ

သင့်ဆံကေသာနဲ့ မျက်နှာအသားအရေက အဆီတွေကို ခေါင်းအုံးစွပ်က စုပ်ယူပါတယ်။ ဒါက ဘက်တီးရီးယားပေါက်ဖွားမှုကို အားပေးနေပြီး သင့်ဆံကေသာကို ညစ်ပတ်စေပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးစွပ်လေးတွေကို တစ်ပတ်တစ်ခါ လဲပေးပါ။

၅။ သင့်ဆံကေသာကို အပူဒဏ်၊ အအေးဒဏ်မှ ကာကွယ်ပေးပါ

နွေရာသီဖြစ်စေ၊ မိုးရာသီဖြစ်စေ၊ ဆောင်းရာသီဖြစ်စေ ဦးထုပ်အမြဲတမ်းဆောင်းထားပါ။ ဆံကေသာက အကာအကွယ်မဲ့နေတဲ့အခါ သင့်ဦးရေပြားကို အပူအအေးဒဏ်မှ ကာကွယ်ပေးဖို့ Sebum လို့ခေါ်တဲ့ အဆီဓာတ်တစ်မျိုးထုတ်လုပ်ပေးပါတယ်။ အဲ့လိုထုတ်လုပ်ပေးလိုက်တဲ့အခါ ဆံပင်က ကပ်စေးကပ်စေးဖြစ်သွားပါတော့တယ်။ ဆိုးကျိုးအနေနဲ့ သင့်ဆံကေသာပျက်စီးကြမ်းတမ်းသွားပါလိမ့်မယ်။ ဒါ့ကြောင့် ရာသီဥတုမရွေး ဆံကေသာကို ကာကွယ်ဂရုစိုက်ဖို့လိုအပ်ပါတယ်။

Source: Brightside.me