မင်္ဂလာပါ ပျိုမေတို့ရေ။ တစ်နေ့ပြီးတစ်နေ့ ဆံပင်အရမ်းကျွတ်လို့ စိတ်ညစ်နေရတဲ့သူတွေအတွက် ဆံပင်ကျွတ်ခြင်းကို ရပ်တန့်နိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးချင်ပါတယ်နော်။ ဆံပင်ခဏခဏကျွတ်တာက ဆံသားပုံသွင်းတဲ့ စက်အပူတွေ၊ ဟော်မုန်းအပြောင်းအလဲနဲ့ Stress တွေကြောင့် အဖြစ်များပါတယ်။ အခုဖော်ပြပေးမယ့် နည်းလမ်းတွေအတိုင်း ပြောင်းလဲပြီး အကျင့်လုပ်ပေးတာက ဆံပင်ကျွတ်ခြင်းကို အပြီးရပ်တန့်နိုင်ဖို့ ကူညီပေးမှာပါ။

မျှတတဲ့စားသောက်ပုံရှိရပါမယ်


သင်စားနေကျ အစားအသောက်တွေက ဆံကေသာကျန်းမာရေးကိုပါ သက်ရောက်မှုရှိပါတယ်နော်။ အာဟာရမရှိ၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေက ဆံသားကို အရှည်နှေးစေတဲ့အပြင် ဆံပင်ပါးပြီး ကျွတ်ထွက်လွယ်စေမှာပါ။ ဒါကြောင့်မို့ ဆံသားကျန်းမာရေးအတွက် အားဖြည့်ပေးမယ့် သံဓာတ်၊ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်ပါတာတွေ မျှတအောင် စားဖို့လိုပါတယ်။

ဦးရေပြားကို နှိပ်နယ်ပေးပါ


ကျန်းမာတဲ့ဆံကေသာပိုင်ဆိုင်ဖို့ဆိုရင် ဦးရေပြားကိုပါ ပုံမှန်ဂရုစိုက်ပေးဖို့လိုပါတယ်။ ဦးရေပြား သွေးလည်ပတ်မှု ကောင်းနေတဲ့အခါ ဆံပင်အထွက်မြန်ပြီး ဆံလုံးသန်လာမှာဖြစ်လို့ ဆံပင်အကျွတ်နည်းစေမှာပါ။ ဒါကြောင့် ဦးရေပြားကို ဖြေးဖြေးချင်းနှိပ်နယ်ပေးတဲ့ အကျင့်လုပ်သင့်ပါတယ်။

အလွန်အကျွံဆံသားပြုပြင်ခြင်းကို ရှောင်ပါ


သင်က ဆံပင်မကြာခဏပုံသွင်းပြီး ဆေးဆိုး၊ Treatment တွေ လုပ်တတ်တယ်ဆိုရင် ဒါတွေမှာပါတဲ့ Chemical တွေကြောင့် ဆံသားအစိုဓာတ်လျော့ကာ ဆံပင်ကျွတ်စေတာကို သတိထားပေးပါနော်။ ဆံပင်ကို ခပ်တင်းတင်းစည်းတာတွေကလည်း ပုံမှန်ထက်ဆံပင်ကျွတ်စေမှာပါ။

စိတ်ဖိစီးမှုလျော့အောင်နေပါ


စိတ်ဖိစီးမှုတွေကလည်း ဆံပင်ကျွတ်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒါကြောင့်မို့ သင့်အနေနဲ့ စိတ်ဖိစီးမှု လျော့ကျစေမယ့် အလေ့အကျင့်တွေကို မွေးမြူပေးပါ။ တရားထိုင်တာ၊ ယောဂကျင့်တာစတဲ့ Stress ပြေစေမယ့် အရာတွေကို အကျင့်လုပ်ကြည့်သင့်ပါတယ်။

ရေဓာတ်ပြည့်နေဖို့လိုပါတယ်


တစ်နေ့မှာ ရေ နှစ်လီတာနဲ့ သုံးလီတာကြား သောက်ပေးတာက ခန္ဓာကိုယ်အတွက်တင်မဟုတ်ဘဲ ဆံသားအစိုဓာတ်ရပြီး သန်စွမ်းစေဖို့အတွက်ပါ အားဖြည့်ပေးနိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာဖို့အတွက် အလွယ်ကူဆုံးနည်းတစ်ခုလည်း ဖြစ်တာမို့ ရေများများသောက်ပေးတဲ့အကျင့် လုပ်ထားပေးပါ။

Photo Source: Pinterest

By MyStyle Myanmar