အားလုံးပဲ မင်္ဂလာပါနော်။ နေ့ခင်းဘက်တွေဆိုရင် အာရုံကောင်းကောင်းမစိုက်နိုင်တော့တာ အိပ်ငိုက်လာတာမျိုး တော်တော်များများကြုံဖူးမှာပါ။ တစ်ချို့ဆိုရင် မနက်နိုးတာနဲ့ စိတ်မကြည်တာ၊ လန်းလန်းဆန်းဆန်းမရှိဘဲ အိပ်ရာထရခက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ သင်ကရော ဒီလိုတစ်နေ့တာမှာ စိတ်တွေရှုပ်ပြီး အလုပ်တွေမပြီးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့သူလား။ ပင်ပန်းမှုသက်သာပြီး Energy ကောင်းကောင်းနဲ့ တစ်နေ့တာစတင်နိုင်ဖို့ဆိုရင် အိပ်ရေးဝအောင်အိပ်ဖို့ကအဓိကပါ။ ဒါပေမယ့် တစ်ကိုယ်လုံးလန်းဆန်းနေဖို့ အိပ်တာအပြင် အခြားလုပ်ပေးနိုင်တဲ့ အရာတွေလည်းရှိပါတယ်။

ဒါတွေကိုသိဖို့ ဒီတစ်ခေါက်မှာ ကိုယ့်ကိုယ်ကိုယ် တစ်နေ့တာ Productive သိပ်မဖြစ်ဘူးလို့ ခံစားရတဲ့သူတွေလုပ်နိုင်မယ့် အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စပြီး လှုပ်လှုပ်ရှားရှားနေပါ

ဒီနေရာမှာ နာရီနဲ့ချီတဲ့ လေ့ကျင့်ခန်းတွေလုပ်နေစရာမလိုပါဘူး။ မိနစ်အနည်းငယ်လောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပေးလိုက်တာကလည်း သင့်ကို ပိုပြီးခေါင်းကြည်စေမှာပါ။ အမြဲထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပေးတာက ကိုယ့်ကိုယ်ကိုယ် အားပြန်ဖြည့်ပေးရာရောက်သလို Stress ပမာဏလည်း လျော့ကျစေပါတယ်။

၂။ ကဖင်းဓာတ် အသင့်အတင့်မှီဝဲပါ

အလုပ်အပေါ်အာရုံစိုက်ရခက်တဲ့အချိန် ကော်ဖီလေးတစ်ခွက်သောက်လိုက်တာကလည်း သင့်ကို ခေါင်းရှင်းပြီး နိုးနိုးကြားကြားဖြစ်စေပါလိမ့်မယ်။ အများကြီးသောက်ရင် ခန္ဓာကိုယ်အတွက်မကောင်းတာမို့ နေ့တိုင်းသောက်ဖို့မလိုပါဘူး။ Green Tea မှာလည်း ကဖင်းဓာတ်ပါတာမို့ Coffee မသောက်တဲ့သူတွေ အစားထိုးသောက်လို့ ရပါတယ်။

၃။ အမြဲ ရေဓာတ်ပြည့်ဝနေပါစေ

ရေဓာတ်ခန်းတာက ခန္ဓာကိုယ်အတွက်ရော အသားအရေကျန်းမာရေးအတွက်ပါ မကောင်းပါဘူး။ သင့်အနေနဲ့ တစ်နေ့လုံး ခေါင်းကြည်ပြီး အလုပ်ပိုပြီးဖို့ ရေဓာတ်ပြည့်ဝနေဖို့ကလည်းအရေးကြီးပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်လောက် ပုံမှန်သောက်ပေးပါ။

၄။ အစားပျက်မခံပါနဲ့

တစ်နေ့လုံးအလုပ်လုပ်နိုင်ဖို့ မနက်စာကအရေးအကြီးဆုံးပါ။ ဒါကြောင့်မို့ အစားပျက်မခံဘဲ မနက်စာကိုတော့ ပုံမှန်စားပေးရပါမယ်။ အခြားအချိန်တွေမှာလည်း အချိန်သတ်မှတ်ပြီး ပုံမှန်အာဟာရပြည့်အောင် စားပေးပါ။ ဒါမှ ခန္ဓာကိုယ်ဟန်ချက်ညီပြီး Energy အပြည့်နဲ့ တွေးခေါ်နိုင်မှာဖြစ်ပါတယ်။

၅။ အဆာပြေကို ဖြစ်သလိုမစားပါနဲ့

ကိုယ်က မုန့်အဆာပြေစားတတ်တဲ့သူဆိုရင် အဆီအဆိမ့်များတဲ့ အဆိပ်လို အစားအသောက်တွေကို မစားမိအောင် သတိထားပေးပါ။ ဒါတွေက သင့်ကိုတစ်နေ့လုံး လေးလံပြီး အလုပ်လုပ်နိုင်စွမ်းလျှော့သွားစေပါတယ်။ အဲ့ဒီအစား ပရိုတင်းနဲ့ Fiber တွေပါတဲ့ အစားအသောက်၊ အသီးစတာတွေ ရွေးချယ်ပြီး အသင့်အတင့်စားတာမျိုးပြုလုပ်နိုင်ပါတယ်။ ပရိုတင်းစားတာက အစာခံတာမို့ သင့်ကိုတော်ရုံနဲ့ဗိုက်မဆာအောင် ထိန်းပေးသလိုလည်း ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar