သမီးရည်းစား စဖြစ်တုန်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အကဲပိုနေကြပြီး တဖြည်းဖြည်းနဲ့ ရည်းစားသက်တမ်း ရင့်လာသည်နှင့်အမျှ တစ်ယောက်အပေါ် ထားရှိတဲ့ အချစ်တွေ အေးစက်သွားတယ်လို့ ခံစားနေရပါသလား။

ဒီလို ခံစားနေရတာဟာ အခုဖော်ပြပေးမယ့် အမှန်တရားတွေကို မသိထားသေးလို့ပဲ ဖြစ်ပါတယ်။ သမီးရည်းစား ဆက်ဆံရေးတစ်ခု အစပြုပြီဆိုတာနဲ့ ဘယ်လိုအချက်တွေ ဘယ်လိုအမှန်တရားတွေကို သိထားသင့်သလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်လိုက်ပါအုန်းနော်။

သူ့ရဲ့အချစ်တွေနဲ့ တဖြည်းဖြည်း အသားကျလာလိမ့်မယ်

စောစောက ပြောခဲ့သလိုပဲ သမီးရည်းစားသက်တမ်းရင့်လာလေ အချစ်တွေက အေးစက်သွားလာလေဆိုတာ မဟုတ်ပါဘူး။ တကယ်တော့ သင်တို့ဟာ ချစ်စခင်စတုန်းကလိုမျိုး တစ်ယောက်ကိုတစ်ယောက် အရူးအမူးဖြစ်သွားတာမဟုတ်ဘဲ ထိုအချစ်နဲ့ တဖြည်းဖြည်းအသားကျသွားပြီး သင့်အတွက် အသစ်အဆန်းမဟုတ်တော့တာပါ။ သူ့ရဲ့အချစ်တွေနဲ့ အသားကျသွားတဲ့အတွက်ကြောင့် ခံစားချက်တွေက သာမန်ခံစားချက်တွေလိုဖြစ်သွားတာပါ။ ခံစားချက်များကို အမြဲတမ်းသစ်လွင်တောက်ပနေဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။

စုံတွဲတိုင်းမှာ မတူညီတဲ့ ဝါသနာကိုယ်စီရှိကြတယ်

ဟုတ်ပါတယ်။ တစ်မအေတည်းက မွေးဖွားတဲ့ အမြွှာတွေတောင် တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်ပြီး အကြိုက်တူနေကြတာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ချစ်သူကိုလည်း သင်နဲ့ အကြိုက်ချင်းတူလိမ့်မယ်။ ဝါသနာတူလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။

တစ်ခါမှ ရန်မဖြစ်ဖူးတဲ့စုံတွဲဆိုတာ မရှိပါဘူး

စုံတွဲတိုင်း ရန်ဖြစ်ဖူးကြပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုတာ စုံတွဲတွေပါပဲ။ ရန်ဖြစ်တာက စိုးရိမ်စရာမဟုတ်ပါဘူး။ ရန်မဖြစ်မှသာလျှင် စိတ်ပူရမယ့်အခြေအနေပါ။ ဒါပေမဲ့ ဆဲနည်းပေါင်းမျိုးစုံနဲ့ အော်ဆဲနေပြီး ရန်ဖြစ်ခြင်းကတော့ မှားယွင်းတဲ့အရာတစ်ခုပါ။

ရန်ဖြစ်နေချိန်မှာ တစ်ဖက်သားမကြိုက်တဲ့အရာကို မခံချင်စိတ်နဲ့ ထုတ်ဖော်ပြောဆိုခြင်းဟာလည်း လက်တွဲဖော်ကောင်းတစ်ယောက် ပြုမူရမယ့်အချက်မဟုတ်ပါဘူး။ ရန်ဖြစ်ချိန်မှာတောင်မှ တစ်ဖက်သားကို လေးစားသမှုနဲ့ ဆက်ဆံခြင်းသည်လည်း နှစ်ယောက်ကြားဆက်ဆံရေးကို ပိုမိုခိုင်မြဲစေပါတယ်။

နှစ်ဖက်အမျိုးတွေကို အမြဲတမ်းချစ်ခင်ကြည်ဖြူနေဖို့ဆိုတာ မလွယ်ကူပါဘူး

သင့်ချစ်သူက သင့်ရဲ့ သူငယ်ချင်းတွေ ဆွေမျိုးတွေကို အဆုံးအစမဲ့တဲ့ချစ်ခြင်းနဲ့ ချစ်ပေးလိမ့်မယ်လို့ မမျှော်လင့်လိုက်ပါနဲ့။ သင်လည်း သင့်ချစ်သူရဲ့ သူငယ်ချင်း၊ ဆွေမျိုးတွေအပေါ် ထိုနည်းအတိုင်းပါပဲ။

သင်က သင့်ချစ်သူနဲ့ တစ်ဘဝစာလက်တွဲသွားမှာဖြစ်ပါတယ်။ သူ့ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့ လက်တွဲသွားမှာမဟုတ်ပါဘူး။ သို့သော် လူမှုရေးဆိုတာ ရှိတဲ့အတွက် အထိုက်အလျောက်တော့ ပေါင်းသင်းဆက်ဆံဖို့လိုအပ်ပါလိမ့်မယ်။

၂၄ နာရီ၊ ၇ ရက်ပတ်လုံး အမြဲတမ်းအတူတူ တပူးပူးတတွဲတွဲရှိနေဖို့ဆိုတာလည်း ခက်ခဲပါတယ်

ဆယ်ကျော်သက်အရွယ်၊ လောကကြီးအကြောင်း ဘာမှမသိသေးတဲ့အရွယ်၊ လုပ်ငန်းခွင်မဝင်သေးတဲ့အရွယ်မှာတော့ တစ်ယောက်နဲ့တစ်ယောက် တပူးပူးတတွဲတွဲ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီရှိလာတဲ့အခါ မခွဲအတူရှိနေမယ်ဆိုတာကတော့ ခက်ပါလိမ့်မယ်။

အလုပ်ကိစ္စကြောင့် နိုင်ငံခြားခရီးထွက်ရတာမျိုး၊ ပညာတော်သင်ကိစ္စများကြောင့် နိုင်ငံခြားထွက်ရတာမျိုးတွေ ကြုံတွေ့လာရတဲ့အခါမှာလည်း ကိုယ့်လက်တွဲဖော်ရဲ့ဘဝရှေ့ရေးသာယာဖြောင့်ဖြူးဖို့ရန်အတွက် အချိန်အတိုင်းအတာတစ်ခုလောက် ခွဲနေသင့်လည်း ခွဲနေရမှာပဲဖြစ်ပါတယ်။

Source: Brightside.me