အားလုံးပဲ မင်္ဂလာပါ။ ဝက်ခြံကင်းပြီး မျက်နှာအသားအရေသန့်စင်ဖို့ ကိုယ်တိုင် သဘာဝပစ္စည်းတွေနဲ့ လုပ်နိုင်မယ့် DIY Cleanser တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ အဆီပြန်လွယ်ပြီး မကြာခဏ ဝက်ခြံထွက်တာကို သက်သာစေမယ့်အပြင် ဓာတုပစ္စည်းကင်းတဲ့ သဘာဝနည်းတွေဖြစ်တာမို့ ငွေအကုန်အကျနည်းနည်းနဲ့ လွယ်လွယ်ကူကူ DIY နည်းတွေလုပ်ပြီး အသားအရေထိန်းသိမ်းချင်သူတွေအတွက် အဆင်ပြေမှာပါ။ ဒီတော့ဘယ်လိုနည်းတွေပါမလဲ စိတ်ဝင်စားရင် ဆက်ကြည့်လိုက်ရအောင်။

၁။ သံလွင်ဆီ (သို့) ကြက်ဆူဆီ

အဆီအချင်းချင်းက ပိုစိမ့်ဝင်လွယ်ပြီး စုပ်ယူအားကောင်းတာမို့ မျက်နှာပေါ်က အဆီနဲ့ဖုန်အကြွင်းအကျန်တွေ ရှင်းတဲ့အခါ Oil တစ်မျိုးနဲ့ အရင်သန့်စင်ပေးတာက ပိုထိရောက်ပါတယ်။ သံလွင်ဆီ ဒါမှမဟုတ် ကြက်ဆူဆီအနည်းငယ်ယူပြီး လက်ချောင်းတွေနဲ့ မျက်နှာကို ဖြေးဖြေးချင်းနှိပ်နယ်ပေးပါ။ နှစ်မိနစ်၊ သုံးမိနစ်လောက်ထားပြီး ရေနွေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါနွေးနွေးနဲ့ မျက်နှာကို ခဏအုပ်ပေးကာ ရေနဲ့ဆေးချပေးရုံပါပဲ။ ရေနွေးငွေ့က ချွေးပေါက်ဖွင့်ပေးပြီး ချွေးပေါက်ထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးမှာပါ။

၂။ မုန့်ဖုတ်ဆိုဒါ

အသားအရေသန့်စင်ဖို့ မုန့်ဖုတ်ဆိုဒါကို ချေးချွတ်ပစ္စည်းအနေနဲ့ရော Cleanser အနေနဲ့ပါ နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ ချေးချွတ်ပေးတာက ဆဲလ်သေတွေ ဖယ်ရှာပေးပြီး ချွေးပေါက်ပိတ်တာကို သက်သာစေသလို သူ့ကို Cleanser အနေနဲ့သုံးမယ်ဆိုရင်တော့ အရေပြားတွင်းက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သန့်စင်ပေးမှာပါ။

Cleanser အနေနဲ့ သန့်စင်နိုင်မယ့်နည်းကတော့ မျက်နှာကိုရေစွတ်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ရေ ပေါင်းကာ အနှစ်ပုံစံရအောင် သင့်လက်နဲ့ဖျော်ပေးရပါမယ်။ ရလာတဲ့အနှစ်ကို မျက်နှာမှာ တစ်မိနစ်ခန့်ပွတ်ပေးပြီး ရေအေးအေးလေးနဲ့ မျက်နှာပြန်သစ်ပေးရမှာဖြစ်ပါတယ်။

၃။ Oatmeal

Oatmeal မှာ သဘာဝဗီတာမင်အမျိုးမျိုးပါဝင်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ အသားနီတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ သူ့ကိုလည်း မျက်နှာသန့်စင် Cleanser အဖြစ်သုံးနိုင်ပြီး လုပ်ရမယ့်နည်းက Oatmeal အမှုန့် တစ်ခွက်ခန့်ကို ရေဆူဆူထဲထည့်ပေးရမှာပါ။ အေးသွားတဲ့အခါ မျက်နှာမှာ ခပ်ဖွဖွလိမ်းပြီး နှစ်မိနစ်လောက်ထားပေးရုံပါပဲ။

၄။ ပျားရည်

အသားအရေအစိုဓာတ်အတွက် ပျားရည်သုံးလေ့ရှိကြပြီး သူက အရေပြားထဲမှာရှိတဲ့ ဘက်တီးရီးယားတွေကိုပါ သန့်စင်ပေးနိုင်ပါတယ်။ မျက်နှာကို ခပ်နွေးနွေးရေနဲ့စွတ်ပြီး ပျားရည်နှစ်ဇွန်းလောက် လက်နဲ့ယူကာ သင့်မျက်နှာအနှံ့ နှိပ်နယ်ပြီးပွတ်လိမ်းပေးပါ။ တစ်မိနစ်လောက်ထားပြီးနောက် ရေနွေးနွေးနဲ့ ပြန်သစ်ပေးရမှာဖြစ်ပါတယ်။ မျက်နှာခြောက်သွားတဲ့အခါ သုံးနေကျ Moisturizer လေးလိမ်းပေးလိုက်ပါ။

၅။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ကိုလည်း Cleanser အနေနဲ့သုံးနိုင်ပြီး သူကမျက်နှာပေါ်က ဘက်တီးရီးယားနဲ့ အညစ်အကြေးတွေကို သန့်စင်စေပါတယ်။ ရေအနည်းငယ်နဲ့ ပန်းသီးရှာလကာရည် ရေပမာဏ သုံးပုံတစ်ပုံခန့်တို့ကိုရောပြီး ရလာတဲ့အရည်ကို ဝါဂွမ်းနဲ့ယူပြီး မျက်နှာမှာတို့ပြီး သုံးပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေနဲ့ပြန်သန့်စင်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar