မင်္ဂလာပါ ပျိုမေတို့ရေ။ ဘဝမှာ သူငယ်ချင်းမိတ်ဆွေ အများကြီးရှိနိုင်ပေမယ့် ကိုယ့်အပေါ် တကယ့်စိတ်ရင်းနဲ့ ဆက်ဆံတဲ့သူတွေကိုတော့ တွေ့ရခဲပါတယ်။ သာတဲ့သူကို တွေ့တာနဲ့ မနာလိုဖြစ်တတ်တဲ့သူတွေ သင့်ပတ်ဝန်းကျင်မှာ ရှိနေနိုင်တာမို့ ဒီလိုလူတွေကို သတိထားမိတာနဲ့ အမြန်ဆုံးရှင်းထုတ်ဖို့ အရေးကြီးပါတယ်။ ဒီလိုရှင်းထုတ်နိုင်ဖို့ သင့်အပေါ်မနာလိုစိတ်ရှိတဲ့ သူငယ်ချင်းအတုတွေမှာ တွေ့ရတတ်တဲ့ အကျင့်စရိုက်တွေအကြောင်းကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။ ဖော်ပြထားတဲ့ အမူအကျင့်တွေကို ကြည့်လိုက်တာနဲ့ သင့်စိတ်ထဲမှာပေါ်လာတဲ့သူတွေက သင့်ကိုကြိတ်မနာလိုဖြစ်နေတဲ့ သူငယ်ချင်းအတုတွေ ဖြစ်နေနိုင်ပါတယ်။

သင်လုပ်သမျှ လိုက်လုပ်တယ်


သူငယ်ချင်းအချင်းချင်း အကြိုက်တူတာနဲ့ မနာလိုစိတ်နဲ့လိုက်တုတာမျိုးက မတူပါဘူးနော်။ သင့်ကို မနာလိုတဲ့သူတွေက သင်နဲ့အတူတိုင်ပင်ပြီးလုပ်တာထက် သင့်ရဲ့ပြောင်းလဲမှုတိုင်းကို စောင့်ကြည့်ပြီး မသိမသာနဲ့ သင်လုပ်သလို လိုက်လုပ်တတ်ကြတာပါ။ အပေါ်ယံ အပြောချိုတတ်ကြတာမို့ ဒီလိုလူတွေကို မယုံကြည်မိဖို့ သတိထားရပါမယ်။

စိတ်ရင်းနဲ့ မချီးကျူးပေးနိုင်ဘူး


မနာလိုစိတ်ရှိသူတွေက သင့်အတွက် စိတ်ပါလက်ပါနဲ့ချီးကျုးတာ၊ ဝမ်းသာပေးတာမျိုး မလုပ်နိုင်ကြပါဘူး။ သင်အောင်မြင်လာပြီဆိုရင် ကံကောင်းလို့၊ အဆက်အသွယ်ရှိလို့ စသဖြင့် သင့်အရည်အချင်းကို အသိအမှတ်မပြုချင်တဲ့ပုံစံမျိုး မသိမသာရှုံ့ချပြီး ပြောတတ်ကြပါတယ်နော်။

သင့်ကို ဝေဖန်ချင်နေမယ်


အမြဲတမ်း ကိုယ့်အပေါ် ဝေဖန်ပြောဆိုပြီး အဆိုးအရင်မြင်လေ့ရှိသူတွေကို ဘဝထဲက ရှင်းထုတ်နိုင်လေ ပိုကောင်းလေပါပဲနော်။ သင့်အပေါ်မနာလိုစိတ်ရှိသူတွေက သူတို့နဲ့အတူ သင့်ကိုပါ အဆိုးမြင်စိတ်ဖြစ်အောင် သင့်ရှေ့မှာ ဝေဖန်ပြောဆိုတာ၊ ညည်းညူတာမျိုးတွေ လုပ်တတ်ကြပါတယ်။

သင့်ကိုတစ်ခြားသူတွေရှေ့ မလေးမစားဆက်ဆံတယ်


မနာလိုစိတ်ရှိသူတွေက သူတို့ဟာ သင့်ထက်သာကြောင်း ပြချင်တာမို့ လူတွေရှေ့မှာ သင့်ကို မသိမသာ ခနဲ့တာ၊ အပြစ်ပြောတာမျိုး လုပ်တတ်ကြပါတယ်။ သင့်အားနည်းချက်တွေကိုလည်း အများရှေ့မှာ စသလိုနဲ့ ထည့်ပြောတတ်ကြပြီး သင့်ခံစားချက်ကို ထည့်တွေးလေ့မရှိကြတဲ့သူတွေပါ။

သင်နဲ့လိုက်ပြိုင်နေတတ်တယ်


မနာလိုသူတွေက သင်နဲ့အမြဲတမ်းလိုက်ပြိုင်နေမှာပါနော်။ အောင်မြင်လာပြီဆိုတာနဲ့ မခေါ်ချင်မပြောချင် ဖြစ်သွားတဲ့သူတွေက သင့်အပေါ် စိတ်ထဲကကြိတ်ပြိုင်ပြီး မနာလိုဖြစ်နေတဲ့သူတွေ ဖြစ်နိုင်ပါတယ်။ သင့်နဲ့အနီးဆုံးကနေ ဘာလုပ်လုပ်လိုက်ကြည့်ပြီး ပြိုင်နေတတ်တာမို့ ကိုယ့်အနားမှာ ဒီလိုလူတွေရှိတယ်လို့ ခံစားမိတာနဲ့ ဝေးဝေးရှောင်တာအကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar