ပျော်ရွှင်ဖို့ လိုအပ်ချက်တွေထဲမှာ ကောင်းမွန်တဲ့ အပေါင်းအသင်း၊ မိတ်ဆွေစစ်တွေ လ်ိုအပ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေမယ်ဆိုရင် ပျော်ရွှင်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ သင့်ဘေးမှာ ဝန်းရံနေတဲ့သူငယ်ချင်းတွေ ပေါ် မူတည်ပြီး သင့် Mood ကလည်း ပြောင်းလဲနိုင်ပါတယ်။သင်ပေါင်းနေသူတွေက သင့်အပေါ်တကယ် စစ်မှန်သူတွေလား၊ အတုအယောင် အဆိပ်ပင်နဲ့တူတဲ့ သူတွေလား အောက်ဖော်ပြပါအချက်တွေနဲ့ ခွဲခြားသိရှိနိုင်ပါတယ်။ ဘယ်အချက်တွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ သင့်ဘက်က အမြဲစခေါ်ရတယ်

ကိုယ့်ဘက်ကသာ သတိတရ နဲ့ သူ့ကို စာပို့ရပါတယ်။ ကိုယ်သာ စမခေါ်ရင် သူနဲ့ကိုယ်က တစ်ခါမှ မတွေ့ဖူးတဲ့သူစိမ်းတွေလိုပါပဲ။ အဆိုပါသူငယ်ချင်းနဲ့ အပြင်မှာတွေ့ချင်ရင်လည်း ကိုယ်ကပဲ စခေါ်  စချိန်းရပါတယ်။

၂။ ကိုယ့်ဘက်ကပဲ ပေးရတယ်

အပေးအယူဆိုတဲ့ စကားကို သင်သိမှာပါ။ ဒီသူငယ်ချင်းတွေနဲ့ တွေ့တိုင်း သင်ကပဲ အိတ်စိုက်ပေးရပါတယ်။ မွေးနေ့တွေဆိုလည်း ကိုယ်ကသာ သူ့အတွက် ဘာလက်ဆောင်ဝယ်ပေးရမလဲ စဉ်းစားတာပါ။ သူ့ဘက်ကတော့ ကိုယ့်အတွက် ထူးထူးခြားခြား စဉ်းစားပေးတာမျိုးမရှိပါဘူး။ ကိုယ့်ဘက်ကပဲ အပေးရှိပါတယ်။

၃။ စကားပြောတဲ့အချိန်

အဆိပ်ပင်နဲ့ တူတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့ စကားပြောတဲ့ အချိန်တိုင်း သူ့အကြောင်းသူ ပြောတာများပါတယ်။ ငါ့အိမ်က ဘာဖြစ်တယ်၊ ငါ့ကောင်လေးက ဘာဖြစ်တယ် စသဖြင့် သူ့အကြောင်းပဲ သင့်ရှေ့ပြောတတ်ပါတယ်။ သင့်အကြောင်းကို သူ့ဘက်က သိပ်မမေးသလို သင်ပြောလည်း သင့်စကားကို သိပ်အရေးမစိုက်ပါဘူး။

၄။ သင့်အကြောင်းကို စိတ်မဝင်စားဘူး

သင့်ခံစားချက်၊ သင့်သဘောထားကို ပေါင်းလာတာ ကြာရင်တောင် အဆိပ်ပင်နဲ့တူတဲ့ သူငယ်ချင်းတွေက မသိသလို စိတ်မဝင်စားကြပါဘူး။ ကိစ္စတစ်ခုခု အတူတူ ဆောင်ရွက်ရရင် သင်အဆင်ပြေပါ့မလား ထည့်မတွေးပေးတတ်ပါဘူး။ သူတို့နဲ့ အဆင်ပြေရာကိုပဲ ဦးစားပေးပါတယ်။

၅။ အကူအညီလိုမှ

Toxic Friends တွေက ကိုယ့်ကို စခေါ်တဲ့ အချိန်တစ်ခုတော့ရှိပါတယ်။ အဲ့အချိန်ကတော့ သင့်ဆီက အကူအညီလိုတဲ့အချိန်ပါ။ ဒီအချက်က သင့်ကို သူတို့ရဲ့ လိုသုံးသဘောပဲ သတ်မှတ်ထားလို့ပါ။

Toxic friend တွေက သင့်အချိန်၊ သင့်စွမ်းအင်တွေကို ကုန်ဆုံးစေပါတယ်။ သင့်ဆီမှာ အပေါ်က အချက်တွေနဲ့ မငြိဘဲ မိတ်ဆွေစစ်တွေကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သူတို့အတွက် အချိန်ပေးပြီး တန်ဖိုးထားပါလို့ အကြံပေးပါရစေ။

Photo Source: Pinterest

By MyStyle Myanmar