သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိနေပေမယ့် တကယ့်အစစ်အမှန်မဟုတ်တဲ့ သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ အပေါ်ယံခင်မင်တာ သိသာတဲ့သူလည်း ရှိသလို တချို့ကျတော့လည်း တကယ့် BFF တွေလို နေနေပေမယ့် အချိန်တစ်ခုရောက်မှ Fake ဆိုတာ သိသွားတာမျိုးတွေလည်း ရှိပါတယ်။ သူငယ်ချင်းအချင်းချင်း မနာလိုစိတ် အရမ်းများရင်တော့ အစစ်အမှန် ခင်မင်တဲ့သူ မဟုတ်နိုင်ပါဘူး။ တကယ်လို့ သင့်သူငယ်ချင်းက သင့်အပေါ်မှာ မနာလိုစိတ်ရှိနေတယ်ဆိုရင် ဒီအချက် ၅ ချက်နဲ့တင် သိစေနိုင်ပါတယ်။

ချီးကျူးသလိုလိုနဲ့ရှုံ့ချပြောဆိုခြင်း

တစ်ခုခုဆိုရင် အကောင်းပြောသလိုလို၊ ချီးကျူးသလိုလိုနဲ့ မသိသာလေး ရှုံ့ချပြောဆိုတာတွေ၊ ခနဲ့သလိုလို၊ ကဲ့ရဲ့သလိုလိုပြောတာတွေ ခဏခဏကြုံရတယ်ဆိုရင် ဒီလူက သင့်အပေါ်မှာ တကယ့်အစစ်အမှန် ခင်တဲ့သူမဟုတ်ပဲ မနာလိုစိတ် ရှိနေတဲ့သူပါ။

အားနည်းချက်ကိုပဲပြောဆိုခြင်း

စိတ်ထဲမှာ ကိုယ်နဲ့ပတ်သက်ပြီး မနာလိုတာတွေများနေတော့ တစ်ခုခုဆိုရင် ကိုယ့်ရဲ့အားနည်းချက်ကိုပဲ ကြုံရင်ကြုံသလို တိုက်ခိုက်မယ်၊ စသလိုလိုနဲ့ နှိမ်ပါမယ်။ ကိုယ့်အပေါ်မှာ မနာလိုစိတ်မရှိပဲ တကယ့်အစစ်အမှန် သူငယ်ချင်းဆိုရင် ဒီလိုလုပ်မှာ မဟုတ်ပါဘူး။

အတင်းပြောခြင်း

သင့်ကိုမနာလိုတဲ့သူက နောက်ကွယ်မှာ လူတိုင်းနဲ့ သင့်ရဲ့အတင်းအဖျင်း၊ မကောင်းသတင်းတွေကို ပြောဆိုပါလိမ့်မယ်။ သင်ဘာလုပ်လုပ် လိုက်ကြည့်ပြီး ပြောနေမှာပါပဲ။

သင့်ရဲ့ပျော်ရွှင်မှုကိုလိုက်ဖျက်စီးခြင်း

ကိုယ့်အပေါ် မနာလိုဖြစ်နေတဲ့သူက ကိုယ်ပျော်ရွှင်နေတာကို မမြင်ချင်ပါဘူး။ စကားနဲ့ပဲဖြစ်ဖြစ် ဖျက်စီးတာမျိုးလုပ်တတ်ပါတယ်။ ကိုယ်ပျော်နေတဲ့အရာကို မကောင်းဘက်ကနေတွေးပြီး လိုက်ပြောဆိုတာမျိုးတွေပဲ ခဏခဏလုပ်နေမှာပါ။

သူ့ထက်သာသွားရင်မခေါ်မပြောနေမယ်

တချို့ကျတော့ အရမ်းခင်တဲ့ BFF တွေလိုပဲ အပေါ်ကအချက်တွေ လုပ်တာမျိုးလည်း မရှိဘူး၊ ရှိရင်တောင် ကိုယ်ပြန်သိခဲ့ရတာမျိုး မရှိဘူး ဒါပေမယ့် သူ့ထက်သာသွားတဲ့အချိန်မှာတော့ ချက်ချင်းကို စိတ်ရင်းအမှန်ပေါ်လာပြီး မခေါ်မပြောတော့တာမျိုးတွေ ဖြစ်လာတယ်ဆိုရင်တော့ ဒီသူငယ်ချင်းက သင့်အပေါ်မှာ မနာလိုစိတ်ရှိနေတာပါပဲ။