မင်္ဂလာပါနော်။ လူတိုင်းကတော့ မိတ်ဆွေစစ်တွေကို ပိုင်ဆိုင်ချင်ကြမှာပါ။ ယုံကြည်ရတဲ့ မိတ်ဆွေတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာက ဘဝပျော်ရွှင်မှုနဲ့ တိုးတက်မှုပိုရှိစေမယ့် အခွင့်အလမ်းကောင်းတစ်ခုပါပဲ။ ဒါပေမယ့် ဒီလို မိတ်ဆွေမျိုးနဲ့တွေ့နိုင်ဖို့ဆိုရင် ကိုယ်တိုင်ကလည်း မိတ်ဆွေကောင်းပီသနေဖို့ အရေးကြီးပါတယ်နော်။

သင်က မိတ်ဆွေကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုတာကို သင့်ရဲ့စိတ်နေစိတ်ထားနဲ့ ဘေးကလူတွေရဲ့ သင့်အပေါ် ဆက်ဆံပုံတို့ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဒီတော့ ဘယ်လိုအပြုအမူတွေကတစ်ဆင့် သိနိုင်မလဲဆိုတာ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

၁။ သင့်ဆီက အကြံဉာဏ်တောင်းလေ့ရှိတယ်

Photo Source: lingoneo

လူအများစုက သူတို့အတွက် သက်တောင့်သက်သာရှိပြီး ယုံကြည်စိတ်ချရတဲ့သူတွေကိုပဲ အခက်အခဲတွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ရင်ဖွင့်လေ့ရှိကြတာပါ။ သင်ကလည်း ကိစ္စတစ်ခုခုရှိတိုင်း သူငယ်ချင်းတွေရဲ့ သတိတရ အကြံဉာဏ်တောင်းတာကို ခံရတဲ့သူဆိုရင်တော့ သင်ဟာ သူတို့အတွက် အရေးပါတဲ့သူ၊ ယုံကြည်အားကိုးရတဲ့ သူငယ်ချင်းကောင်းဆိုတာကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

၂။ သင်က တစ်ခုခုမူမမှန်တာနဲ့ ချက်ချင်းသိတဲ့သူဖြစ်တယ်

စိတ်ညစ်နေတဲ့အခါ အားပေးဖော်အဖြစ် ဘေးကနေနှစ်သိမ့်အားပေးနိုင်တဲ့ သူငယ်ချင်းမျိုးကို မလိုချင်တဲ့သူရယ်လို့ မရှိပါဘူး။ သင်ကိုယ်တိုင်ကလည်း သူငယ်ချင်းတွေကို မကြာခဏဆက်သွယ်တတ်ပြီး သူတို့ရဲ့အပြုအမူကို ကြည့်လိုက်ရုံနဲ့ စိတ်ညစ်စရာတွေရှိနေလား အကဲခတ်နိုင်တဲ့သူဆိုရင်တော့ သင်ဟာ လူတိုင်းလိုချင်တဲ့ မိတ်ဆွေကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။

၃။ ဘယ်နေရာသွားသွား သင့်ကိုခေါ်သွားချင်ကြတယ်

သူငယ်ချင်းတွေက သူတို့ဘယ်နေရာရောက်ရောက် သင့်ကို သတိတရနဲ့ ခေါ်ကြတယ်၊ ဘယ်ပဲသွားသွား သင်နဲ့အတူသွားချင်ကြတယ်ဆိုရင် ဒါဟာ သူတို့အတွက် သင်က သက်တောင့်သက်သာနဲ့ ပေါင်းသင်းလို့ကောင်းတဲ့သူတစ်ယောက်ဆိုတာကို ပြသနေတာပါ။ ဒါ့အပြင် သင်က သူတို့အပေါ် အလေးထားတတ်တဲ့သူဖြစ်မှန်းလည်း သိထားကြပါတယ်။

၄။ သင်က သူတို့ကို ရယ်မောအောင်လုပ်ပေးနိုင်တယ်

စနောက်တတ်ပြီး အများကိုပျော်အောင်လုပ်ပေးနိုင်တဲ့သူ၊ ပျော်ပျော်နေတတ်တဲ့သူတွေကို လူတိုင်းက ခင်ချင်ကြသလို ဒီလိုလူတွေက ပတ်ဝန်းကျင်ကို Positive Energy ပေးနိုင်တဲ့ မိတ်ဆွေကောင်းတွေလို့ သတ်မှတ်လို့ရပါတယ်။ သင်က ကိုယ့်ဘေးကသူတွေကို ကိုယ့်ကြောင့် ပျော်ရွှင်ရယ်မောနေအောင် လုပ်ပေးနိုင်သူဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါ။ သင်ဟာလည်း သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်လို့ပါပဲ။

၅။ သင့်မှာ နှစ်တွေကြာတဲ့အထိပေါင်းနေဆဲဖြစ်တဲ့ မိတ်ဆွေတွေရှိတယ်

သင့်ဘဝတစ်ခုလုံး မိတ်ဆွေမျိုးစုံနဲ့ ကြုံတွေ့ရမှာပါ။ ဒါပေမယ့် သင်က ကိုယ့်ဆီရောက်လာတဲ့ မိတ်ဆွေတွေနဲ့ နှစ်တွေကြာတဲ့အထိ အခင်အမင်မပျက်တဲ့ဆက်ဆံရေးကို ထိန်းထားနိုင်တဲ့သူဆိုရင်တော့ ဒါဟာတစ်နည်းအားဖြင့် သင်က သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို ပြရာရောက်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar