တချို့လူတွေက လမ်းခွဲချင်ပြီဆိုရင် ပွင့်ပွင့်လင်းလင်းမပြောပဲ တစ်ဖက်လူစိတ်ကုန်လာအောင်၊ တစ်ဖက်လူက သူ့အလိုလို လမ်းခွဲဖို့ပြောလာအောင် လုပ်တတ်ကြပါတယ်။ ဒီလိုလူတွေက သူများကို အပြစ်လုပ်ချင်ကြတဲ့သူတွေလို့လည်း ပြောလို့ရပါတယ်။ တကယ်လို့ သင့်ချစ်သူက သင်နဲ့လမ်းခွဲချင်နေတာလားဆိုပြီး သံသယဝင်လာရင် ဒီအချက် ၅ ချက်နဲ့ ကိုက်ညီနေလားဆိုတာကို စစ်ကြည့်နိုင်ပါတယ်။

သင့်ကိုရှောင်နေခြင်း

ကိုယ့်ကိုချစ်တဲ့သူဆိုရင် အမြဲတမ်းတွေ့ချင်နေမှာပါ။ ဒါပေမယ့် ကိုယ့်အပေါ် အရင်လိုစိတ်မရှိတော့တဲ့အခါမှာတော့ ကိုယ်နဲ့လည်း တွေ့ချင်တော့မှာမဟုတ်သလို ကိုယ့်ဘက်ကနေ တွေ့ဖို့ပြောလာရင်တောင်မှ ရှောင်နေတတ်ပါတယ်။ အကြောင်းအမျိုးမျိုးပြပြီး ရှောင်တာတွေ၊ ဖုန်းနဲ့အဆက်အသွယ်ကလည်း အရင်လောက်မလုပ်ဖြစ်တော့တာတွေ ရှိလာပါလိမ့်မယ်။

အချိန်မပေးခြင်း

အချိန်မရှိတာမျိုးမဟုတ်ပဲ ကိုယ့်အတွက် တမင်ကိုအချိန်မပေးချင်တာမျိုးက သိသာပါတယ်။ အပေါ်မှာပြောခဲ့သလို အကြောင်းအမျိုးမျိုးပြပြီး ရှောင်တဲ့ထဲမှာ မအားလို့ဆိုတာမျိုးက အများဆုံးဖြစ်လာပါလိမ့်မယ်။ ကိုယ်အတွက်သာ အချိန်မပေးနိုင်တာ၊ မအားတာ၊ တခြားသူတွေနဲ့ကျ ပျော်ပါးနေတာမျိုးတွေ ဖြစ်လာရင် ဒါက သင်နဲ့မတွေ့ချင်လို့ တမင်ရှောင်နေတာပါပဲ။

မူမမှန်တာတွေဖြစ်လာခြင်း

အရင်လိုမဟုတ်တော့ပဲ Social Media မှာလည်း သင်မသိတဲ့တခြား ကောင်မလေး (သို့) ကောင်လေးတွေနဲ့ ခင်မင်မှုတွေကို မြင်လာရတာမျိုး၊ သင်မပါပဲ သင်မသိတဲ့သူတွေနဲ့ Date နေတာမျိုးတွေ တွေ့လာခဲ့ရင်တော့ သေချာမေးမြန်းပြီး ဆုံးဖြတ်ချက်ချသင့်နေပါပြီ။

ခဏခဏပြဿနာရှာနေခြင်း

အကြောင်းမရှိအကြောင်းရှာပြီး ဘာမဟုတ်တဲ့ သေးသေးလေးကအစ လိုက်အပြစ်တင်ပြီး ခဏခဏပြဿနာရှာတာ၊ သင့်ကိုဆို အရင်နဲ့မတူပဲ အော်ဟစ်ပြောဆိုတာ၊ အပြစ်တင်ဝေဖန်တာတွေ အရမ်းများလာပြီဆိုရင် သင့်ကိုစိတ်ကုန်လာတာ၊ မတွဲချင်တော့တာ ဖြစ်နိုင်ချေများပါတယ်။

အရင်လိုကြင်နာမှုတွေမရှိတော့ခြင်း

ကိုယ်နဲ့မတွဲချင်တော့တဲ့သူက ကိုယ့်အပေါ်မှာ ဘယ်လိုမှ ကြင်နာမှုတွေ ပေးနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ချစ်သူက အရင်နဲ့မတူပဲ ချစ်ခင်ကြင်နာတာတွေလည်း မရှိတော့ဘူး၊ ဂရုစိုက်တာမျိုးလည်း လုံးဝမရှိတော့ဘူးဆိုရင် သေချာစုံစမ်းပြီး ဖြေရှင်းတာ အကောင်းဆုံးပါပဲ။ မဟုတ်ရင်တော့ သင်ပဲ ပိုခံစားနေရမှာပါ။