အင်္ဂလိပ်လို စာလုံး နှစ်လုံး ဖြစ်တဲ့ “Sad” နဲ့ “Depressed”နှစ်လုံးက ပုံစံတူတယ် ထင်ရပေမယ့် ခံစားချက်ခြင်း၊ တွေ့ကြုံနေရပုံချင်း မတူနိုင်ပါဘူး။ ဒါ့အပြင် စိတ်ခံစားချက်နှစ်ခုက သင့်အပေါ် သက်ရောက်ပုံချင်း မတူနိုင်ပါဘူး။ Depressed လား Sad လား လူတစ်ယောက်ရဲ့ နေထိုင်ပုံကို ကြည့်ပြီး ခွဲခြားနိုင်ပါတယ်။ Sad စိတ်မပျော်မရွှင် ဖြစ်နေသူတွေက ပြန်ပျော်ရွှင်နိုင်ပေမယ့် Depressed ဖြစ်သူတွေကတော့ တချို့တွေဆိုရင် ဖြစ်နေမှန်းတောင် မသိနိုင်ဘဲ အဆိုးဆုံး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ အဆင့်အထိ ရောက်နိုင်ပါတယ်။

ဒီတော့ သင်က လက်ရှိမှာ စိတ်ညစ်နေတယ်၊ စိတ်ဓာတ် အခြေအနေ အဆင်မပြေဘူးဆိုရင် စိတ်ဓာတ်ကျနေတာလား၊ စိတ်မပျော်မရွှင် ဖြစ်နေတာလား ဒီအချက်တွေနဲ့ ခွဲခြားသိနိုင်ပါတယ်။ ဒါပေမဲ့ ဒီထဲမှာတော့ စိတ်မပျော်မရွှင် ဖြစ်ရုံပဲဆိုတဲ့ လက္ခဏာတွေကိုပဲ အသားပေး ဖော်ပြပါရစေ။ အခုကြုံနေရတဲ့ ပုံစံတွေကို သင့်ဆီမှာ တွေ့နေရရင်တော့ သင်က စိတ်ဓာတ်ကျတာ မဟုတ်ဘဲ စိတ်မပျော်မရွှင် ဖြစ်နေရုံပါပဲ။

၁။ ရိုးရှင်းတဲ့ အရာတွေမှာ ပျော်နေတုန်းပဲ

သင်က စိတ်ဓာတ်ကျတာ မဟုတ်ဘဲ ဝမ်းနည်းရုံပဲ ဆိုရင် သင့်ဝါသနာတွေ လုပ်ရတဲ့အခါ ပျော်ရွှင်တုန်းပါ။ သင်နှစ်သက်တဲ့ ဟာသ ဗီဒီယိုတွေကို ကြည့်နေရင်လည်း ရယ်မောနေနိုင်ပါသေးတယ်။ စိတ်ဓာတ်ကျသူတွေကတော့ ဒီလိုမဟုတ်ဘဲ ကိုယ်ဝါသနာပါတာတွေ လုပ်နေရရင်တောင် မပျော်တော့ပါဘူး။

၂။ ပုံမှန်လုပ်စရာတွေကို လုပ်ဖို့ ခွန်အားရှိတုန်းပဲ

ဝမ်းနည်းရုံ၊ စိတ်ညစ်ရုံပဲ ခံစားချက်ရှိသူတွေက ကိုယ့်လုပ်စရာ တာဝန်တွေကို ပုံမှန်လုပ်ဖို့ ခွန်အားရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်ကျတယ်လို့ ခံယူထားရင်တောင် သင်က လုပ်စရာတွေကို လုပ်နေနိုင်တုန်းပါပဲ။ ဒါပေမဲ့ စိတ်ဓာတ်ကျခြင်းကို ရင်ဆိုင်နေရသူတွေကတော့ ဘာမှလုပ်ချင်စိတ်မရှိတော့ပါဘူး။ ဝမ်းနည်းနေသူတွေကတော့ စားစရာသောက်စရာတွေကိုလည်း အေးဆေးစားနိုင်ပါသေးတယ်။

၃။ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ရင်ဖွင့်နိုင်သေးတယ်

Sad Feeling ကို ကြုံနေရသူတွေက ကိုယ်ခံစားနေရတာတွေကို တခြားသူတွေဆီမှာ ရင်ဖွင့်နိုင်ပါတယ်။ ကိုယ်ဘာတွေ အဆင်မပြေလဲ ပြောပြတတ်ပါတယ်။ စိတ်ဓာတ်တကယ် ကျနေသူတွေကတော့ ဘယ်သူနဲ့မှ စကားမပြောတော့ပါဘူး။ သူတို့ တခြားသူတွေကို ရင်ဖွင့်ရတာက တခြားသူတွေအတွက် အချိန်ကုန်သွားတယ်လို့ မြင်တတ်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်စိတ်မများလွန်းဘူး

စိတ်မပျော်မရွှင် ဖြစ်တဲ့အခါ အဆိုးမြင်စိတ်တွေ ဝင်လာမှာ မှန်ပါတယ်။ ဒါပေမဲ့ သင်က ပြဿနာရဲ့ အရင်းအမြစ်ကို သိပြီးနောက် ဖြေရှင်းနိုင်ပြီး အချိန်ကြာတဲ့အခါ ဒီအဆိုးမြင်စိတ်တွေက ပျောက်ကွယ်သွားတတ်ပါတယ်။ စိတ်ဓာတ်ကျနေသူတွေကတော့ တစ်ချိန်လုံး အဆိုးမြင်စိတ်တွေနဲ့ပဲ ပြည့်နှက်နေတတ်ပြီး မျှော်လင့်ချက်မဲ့ကာ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

၅။ ခံစားချက်တွေကို ဖွင့်ချပြီးနောက် သက်သာသွားတယ်

သင်က ခံစားနေရတာတွေကို ငိုချပြီး ဖွင့်ထုတ်လိုက်တဲ့အခါ ပေါ့သွားတယ်ဆိုရင် ဒါက စိတ်ဓာတ်ကျနေတာ မဟုတ်ပါဘူး။ စိတ်ညစ်နေရုံပါ။ စိတ်ဓာတ်ကျနေသူတွေကတော့ သူတို့ကိုယ်သူတို့ ဘာဖြစ်နေမှန်းတောင် မသိဘဲ တိတ်ဆိတ်နေသူတွေပါ။ လူတွေရဲ့ အာရုံစိုက်ခံရဖို့ သူတို့က မတန်ဘူးလို့ ခံယူထားတတ်ပါတယ်။

လေ့လာချက်တွေအရ သင့်ခံစားချက်တွေကို အားမနာတမ်း ဖွင့်ထုတ်တာက စိတ်အခြေအနေကို ကောင်းမွန်စေတယ်လို့ ဆိုထားပါတယ်။ စိတ်ဓာတ်ကျသူကော၊ စိတ်ညစ်နေသူတွေပါ ခံစားချက်တွေကို တခြားသူဆီ ရင်ဖွင့်သင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar