မင်္ဂလာပါနော်။ Serum ဆိုတာ အရွယ်ရလာလို့ မျက်နှာမှာဖြစ်တတ်တဲ့ အရေးအကြောင်း၊ Smile Lines နဲ့ အမဲစက်တွေ လျော့ပါးစေပြီး မျက်နှာလေး Glow စေတဲ့ Skincare ပစ္စည်းတစ်မျိုးပါ။ Moisturizer အပြင် Serum ပါသုံးတာက အရေပြားအတွင်းပိုင်းအထိ ဗီတာမင်ဓာတ်တွေစိမ့်ဝင်ပြီး အားဖြည့်ပေးနိုင်တာမို့ အသားအရေပျက်စီးလွယ်လာတဲ့ သက်လတ်ပိုင်းအရွယ်တွေအတွက် အရမ်းအသုံးဝင်ပါတယ်။ Serum ရဲ့အာနိသင်ထိရောက်ဖို့ဆိုရင် သုံးနည်းမှန်ဖို့လည်း လိုပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Serum လိမ်းသူတိုင်းသိထားသင့်တဲ့ သုံးနည်းအလွဲတွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

အဆင့်မှားသုံးမိတာ


Serum သုံးတဲ့အခါ အသားအရေကိုကာကွယ်ပေးပြီး အာနိသင်အပြည့်ရဖို့ လိမ်းတဲ့အချိန်နဲ့ Step မှန်ဖို့ လိုပါတယ်။ ဥပမာ Sunscreen ကိုနေထွက်တဲ့အချိန်တွေမှာလိမ်းရသလို Serum ကိုလည်း ကိုယ်သုံးမယ့်တံဆိပ်ရဲ့ အညွှန်းအချိန်အတိုင်း လိုက်လိမ်းပေးပါ။ တိုက်ရိုက်စိမ့်ဝင်မှုရှိအောင် Moisturizer နဲ့ Eye Cream တွေမလိမ်းခင်မှာ Serum ကို အရင်သုံးပေးပါ။ မျက်နှာသစ်ပြီး Toner သုံးပြီးတာနဲ့ Serum လိမ်းရပါမယ်။

ပါဝင်ပစ္စည်းအနည်းအများကို မစစ်ကြည့်တာ


Serum အာနိသင်ပြမပြက ကိုယ်သုံးနေတဲ့တံဆိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေနဲ့လည်း ဆိုင်ပါတယ်နော်။ အရင်ဆုံး ကိုယ့် Skin Type နဲ့တည့်မတည့်၊ ကိုယ်အသားအရေပြဿနာတွေအတွက် ထိရောက်တဲ့ အာနိသင်တွေပါမပါ မသုံးခင်တည်းက စစ်ကြည့်ပေးပါ။ အသားအရေအတွက်လိုအပ်တာနဲ့ Serum မှာပါတဲ့ အာနိသင်က တစ်ခြားစီဖြစ်နေတဲ့အခါ ထင်သလောက်မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။

အသားကျဖို့ အချိန်မပေးတာ


Skincare တစ်ခုသုံးတဲ့အခါ တကယ်တမ်း အသားကျပြီး ကောင်းတဲ့အာနိသင်ပြဖို့ဆိုရင် အချိန်တစ်ခုပေးဖို့တော့ လိုပါတယ်နော်။ ခဏခဏပြောင်းသုံးတာထက် ကိုယ့် Skin နဲ့ အသားကျအောင် အနည်းဆုံးနှစ်ပတ်လောက်စောင့်ကြည့်ပေးပါ။

သက်တမ်းကုန်မယ့်ရက်ကို သတိမထားမိတာ


Expire ဖြစ်မဖြစ် သတိထားပြီး စစ်ကြည့်ဖို့လည်း မမေ့ပါနဲ့နော်။ ကိုယ်သုံးတဲ့ Serum က သက်တမ်းကုန်နေတဲ့အခါ အာနိသင်လည်း မရှိတော့သလို အသားအရေကိုပိုပြီး ပျက်စီးစေမှာပါ။

သိမ်းထားတဲ့နည်း မမှန်တာ

Serum အပါအဝင် Skincare ပစ္စည်းတိုင်းလိုလို အာနိသင်မပြယ်ဖို့ အထားအသိုကလည်း အရေးကြီးပါတယ်။ နေရောင်တိုက်ရိုက်ထိတဲ့နေရာ၊ ရေချိုးခန်းလို စိုထိုင်းဆများတဲ့နေရာတွေမှာ ထားတာမျိုးကိုရှောင်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar