မင်္ဂလာပါနော်။ အုံထူပြီး အရှည်မြန်တဲ့ ဆံကေသာလေးပိုင်ဆိုင်ချင်သူတိုင်းအတွက် အကုန်အကျနည်းနည်းနဲ့ အမှန်တကယ် ထိရောက်စေမယ့် ထိန်းသိမ်းနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တော်တော်များများ သတိမထားမိသေးပေမယ့် အချိန်ကုန်သက်သာသလို အပန်းမကြီးဘဲ လွယ်လွယ်ကူကူ လိုက်လုပ်နိုင်မယ့်နည်းတွေ ဖြစ်တာမို့ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ဆံပင်ကျွတ်သက်သာပြီး ဆံသားအရှည်မြန်လာဖို့ ကူညီပေးမှာပါ။

၁။ ကြက်သွန်နီဖျော်ရည် အသုံးပြုပါ


ကြက်သွန်နီမှာ ဆံသားမွှေးညှင်းပေါက်အတွင်းပိုင်း Collagen ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်ပါဝင်တာကြောင့် ဆံပင်ကိုနက်မှောင်ပြီး အုံထူလာစေပါတယ်။ ကြက်သွန်နီအနည်းငယ်ကို Blender နဲ့ကြိတ်ပြီး ရလာတဲ့အရည်ကို ဦးရေပြားတစ်ဝိုက်မှာ လိမ်းပေးပါ။ ဒီပုံစံအတိုင်း တစ်နေ့နှစ်ကြိမ်လောက် လိမ်းပေးမယ်ဆိုရင် နှစ်ပတ်လောက်အတွင်း သိသိသာသာ ဆံပင်ရှည်လာတာကို တွေ့ရပါလိမ့်မယ်။

၂။ ဦးရေပြားကို နှိပ်နယ်ပေးပါ


ဦးရေပြားတစ်ဝိုက် သွေးလည်ပတ်မှုကောင်းမှ ဆံသားအရင်းပိုင်းတွေသန်စွမ်းပြီး ဆံပင်အရှည်မြန်လာမှာပါ။ ဒါကြောင့် ဦးရေပြားကို တစ်နေ့အနည်းဆုံး ငါးမိနစ်လောက်အချိန်ပေးပြီး နှိပ်နယ်ပေးပါ။ ညအိပ်ရာမဝင်ခင် နှိပ်နယ်ပေးရင် ပိုကောင်းပါတယ်။ သင့်ဆံသားအတွင်းက မွှေးညှင်းဆဲလ်တွေကိုအားဖြည့်ပေးပြီး ဆံလုံးကြီးကာ ဆံပင်ထူလာစေဖို့ပါ ထောက်ပံ့ပေးပါလိမ့်မယ်။

၃။ Rosemary အဆီ လိမ်းပေးပါ


Essential Oil တွေက ဆံသားအစိုဓာတ်ဖြည့်ပေးသလို ဆံကြောင်းကျဲခြင်းကိုပါ သက်သာစေပါတယ်။ Essential Oil တစ်မျိုးဖြစ်တဲ့ ဆေးဖက်ဝင် Rosemary အဆီကို ပုံမှန်လိမ်းပေးတာက သင့်ကို ဆံပင်အကျွတ်နည်းပြီး အုံထူလာစေမှာပါ။

၄။ ခေါင်းလျှော်ရည်အလွန်အကျွံမသုံးမိပါစေနဲ့


ခေါင်းလျှော်ရည်အများစုမှာ ဆံသားကိုချေးချွတ်ပေးတဲ့ ဓာတုပစ္စည်းအာနိသင်တွေ ပါဝင်တတ်တာမို့ ခေါင်းလျှော်ရည်ပမာဏများများသုံးတာက သင့်ဆံသားအတွင်းပိုင်းက သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်စေပြီး ဆံသားခြောက်သွေ့ကာ သင့်ဆံပင်ရှည်နှုန်းကို နှေးသွားစေမှာပါ။

၅။ ဆံပင်ပုံမသွင်းခင်အရင်ဆုံး ခေါင်းဖြီးပေးရပါမယ်။

ဆံပင်ထူထူ ရှည်ရှည်လေးဖြစ်ဖို့ ဆံပင်မကျွတ်အောင် ဂရုစိုက်ရပါမယ်။ ဆံပင်ပုံသွင်းပေးရတဲ့ သူတွေအနေနဲ့ ဆံသားပြတ်ထွက်တာ၊ ဆံပင်အကျွတ်များတာတွေ မဖြစ်အောင် အရင်ဆုံး ဆံပင်အထုံးတွေရှင်းပြီး ပုံမှန်ခေါင်းဖြီးပေးတဲ့ အကျင့်လုပ်ပေးပါ။ ဆံကြောင်းခွဲပြီး ဆံပင်အဖျားပိုင်းကစကာ ဖြေးဖြေးချင်းဖြီးပေးသင့်ပါတယ်။ အသွားစိပ်တဲ့ဘီးတွေကိုရှောင်ပြီး အသွားကျဲကျဲဘီးတွေ အသုံးပြုပေးပါ။

Source: brightside.me