ကျွန်မတို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ကာတွန်းကားတွေမှာတော့ မင်းသားလေး ရောက်လာတယ်။ အနမ်းခြွေပြီးနောက်ပျော်ရွှင်စွာ နေသွားကြ လေသတည်းဆိုပြီး ဇာတ်လမ်းပြီးသွားတယ်။ အပြင်မှာလည်း ကျွန်မတို့ ဒါမျိုးဖြစ်လာမယ်ဆိုပြီး စိတ််ကူးယဉ်ခဲ့ဖူးမှာပါ။ အသက်ကြီးလာတဲ့အချိန် သိလာရတာက ဘယ်သူ့ကိုမှ အယုံလွယ်လို့မရဘူး။ လူတွေက လိမ်တတ်တယ်။ စိတ်ထဲ မရှိလည်း ပါးစပ်က အမျိုးမျိုးပြောတတ်တယ်ဆိုတာ သိလာရပါတယ်။ အဆိပ်ရှိတဲ့အချစ်ရေးတစ်ခုမှာ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ အချစ်နဲ့ ကြုံဆုံရတဲ့အချိန် ပျော်စရာကောင်းနေသင့်ပါတယ်။ မဟုတ်ရင် သင့်အချိန်တွေ ရင်းနှီးရတာ နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ဖို့ ပျိုမေတိုင်းသိထားသင့်တဲ့ လျို့ဝှက်ချက်တွေကို ပြောပြပါရစေ။

လျို့ဝှက်ချက် (၁)သူ့ကို ချီးကျူးပေးပါ


မိန်းကလေးတွေပဲ ချီးကျူးစကားကို ကြိုက်တာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း သဘောကျပါတယ်။ သူတို့လုပ်လိုက်တဲ့အပြုအမူသေးသေးလေးတွေကိုပါ ချီးကျူးပေးပါ။ ဥပမာ သင့်ကောင်လေးက ဆေးလိပ်သောက်တဲ့သူတစ်ယောက်ပဲထားပါတော့။ သူသောက်တာကို ပွားနေမယ့်အစား သူမသောက်တဲ့အချိန်တွေကို ချီးကျူးပေးပါ။ နင်ဆေးလိပ်မသောက်တာ ၄ နာရီတောင်ကြာသွားပြီ စသဖြင့် ရှိတာလေးကို ချီးကျူးပေးပါ။

လျို့ဝှက်ချက် (၂) ကိုယ့်ကောင်လေးကို ပံ့ပိုးပေးပါ


သင့်ကောင်လေးရဲ့ ယူဆချက်တွေ၊ အတွေးတွေကို ပံ့ပိုးပေးပါ။ သူ့ဆုံးဖြတ်ချက်ကို ဂရုတစိုက်နားထောင်ပြီး ဘာလုပ်သင့်လဲ အကြံပေးကြည့်ပါ။ တစ်ခါတလေ သူတို့ရဲ့ အပြုအမူတွေက လက်ခံနိုင်စရာမရှိရင်တောင် သူတို့ဘာလို့ ဒီလိုလုပ်လဲ အကြောင်းအရင်းကို ရှာပြီး ပံ့ပိုးပေးပါ။

လျို့ဝှက်ချက် (၃) သူ့ကိုဂရုစိုက်ပါ


သင့်ကောင်လေးကို အစစအရာရာ ဂရုစိုက်ပေးတာကလည်း ပျော်ရွှင်တဲ့ အချစ်ရေးကို ဦးတည်စေပါတယ်။ တစ်ခါတလေ ယောကျာ်းလေးတွေက နေ့စဉ်ကိစ္စလေးတွေ လုပ်ဖို့တောင် မေ့နေတတ်ပါတယ်။ ဒီလိုအချိန်ဆိုရင် သင့်ဘက်က သတိထားပြီး သူ့ကို ဂရုစိုက်ပေးပါ။

လျို့ဝှက်ချက် (၄) ချက်ပြုတ်တတ်အောင် သင်ယူပါ


အိမ်ထမင်းအိမ်ဟင်းကို မကြိုက်တဲ့သူမရှိပါဘူး။ ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး စားသောက်ဆိုင်တွေ၊ အကောင်းဆုံး စားဖိုမှူးတွေ အများအပြားရှိပါတယ်။ ဒါပေမဲ့ ယောကျာ်းလေးတစ်ယောက်က သူတို့ချစ်ရသူ ချက်ကျွေးတဲ့ အိမ်ထမင်း အိမ်ဟင်းကို စားချင်ကြပါတယ်။ ဒါကြောင့် ဟင်းအကုန်မချက်တတ်ရင်တောင် သိသင့်သလောက်တော့ သိထားသင့်ပါတယ်။

လျို့ဝှက်ချက် (၅) အမြဲလှအောင်နေပါ


သင်တို့ ပထမဆုံးချိန်းတွေ့ခဲ့တုန်းက သင်သူ့အတွက် အလှဆုံးပြင်ဆင်ခဲ့ဖူးမှာပါ။ သူ့ရှေ့မှာ သင်လှအောင် ကြိုးစားခဲ့ဖူးမှာပါ။ အချိန်ကြာလာတဲ့အခါလည်း ဒီလိုအမြဲလှအောင် ကြိုးစားပေးပါ။ သူချစ်နေရင် ရပြီ။ ငါ့ဘာငါ နေချင်သလိုနေမယ်လို့ မတွေးလိုက်ပါနဲ့နော်။ ယောကျာ်းလေးတွေရဲ့ ယေဘုယျပျော်ရွှင်မှုက မိန်းမလှလေးတွေကို လိုက်ကြည့်ရတာပါ။ သင်က သင့်ကောင်လေးအတွက် အမြဲလှနေအောင် ကြိုးစားပေးပါနော်။

သင့်အတွက် ဒီနည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်ဆုံးအချက်ကတော့ ပျော်ပျော်နေတတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်အောင် ကြိုးစားပေးပါနော်။

Photo Source: Pinterest

By MyStyle Myanmar