တချို့ စုံတွဲတွေအတွက်တော့ အတူတူ အလုပ်လုပ်ခွင့်ဆိုတာ စိတ်ကူးယဉ် အိပ်မက်တစ်ခုပါပဲ။ ဒါပေမဲ့ စုံတွဲတချို့အတွက်တော့ လုပ်ငန်းခွင် တစ်ခုတည်းမှာ အလုပ်အတူတူ လုပ်ခြင်းဟာ အိပ်မက်ဆိုးတစ်ခုပါပဲ။

သင့်အနေနဲ့ သင်ချစ်ရသူနဲ့ အလုပ်အတူ တွဲလုပ်ချင်ရင် စိတ်ချမ်းသာစွာလုပ်နိုင်ဖို့ လိုက်နာသင့်တဲ့အချက်တွေ ရှိပါတယ်။ ဘယ်အချက်တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်-

၁။ သင်တို့ နှစ်ဦးက တစ်ဖွဲ့တည်းဆိုတာ သတိရပါ

လူတိုင်းမှာ သူ့အားသာချက်နဲ့ အားနည်းချက်ရှိပါတယ်။ သင်တို့ နှစ်ဦးလုံးရဲ့ အတွေးတွေ၊လုပ်ဆောင်မှုတွေက ဆန့်ကျင်ဘက်ဖြစ်နေခဲ့ရင် အငြင်းမပွားဘဲ ဘုံအဖြေတစ်ခုရအောင်ပဲ ကြိုးပမ်းသင့်ပါတယ်။ ရည်ရွယ်ချက်ချင်း အတူတူဖြစ်တာကြောင့် သူမှားတယ်၊ ငါမှန်တယ်ဆိုပြီး အငြင်းမပွားသင့်ပါဘူး။

၂။ လိုက်လျောညီထွေရှိမှု၊ အပြောင်းအလဲကို လက်ခံနိုင်မှု

သင်ကြိုးစားပြီး ဖန်တီးထားခဲ့တဲ့ အရာတစ်ခုကို သင့်အဖွဲ့က လက်မခံတဲ့အခါ ဒါကို ဒေါသထွက်နိုင်ပါတယ်။ အထူးသဖြင့် သင့်ကို မထောက်ခံတဲ့ သင့်ချစ်သူကို ပိုစိတ်ဆိုးနိုင်ပါတယ်။ ဒါပေမဲ့ အဖွဲ့ဆိုတာ အဆင်မပြေတာရှိရင် အကြံပေး၊ ပြုပြင် ပိုကောင်းအောင် လုပ်ဆိုတာမျိုးပဲ ဖြစ်သင့်တာမို့ သင်က Flexible ဖြစ်သင့်၊ ညှိနှိုင်းလွယ်သင့်ပါတယ်။

၃။ တာဝန်တွေနဲ့ တောင်းဆိုမှုတွေကို သီးခြားစီ ခွဲထားပါ

အလုပ်အတူလုပ်တဲ့အခါ သင်နဲ့ သင့်ချစ်သူကြား နားလည်မှုလွဲတာတွေ ဖြစ်နိုင်ပါတယ်။ သူ့တာဝန်လား၊ ကိုယ့်တာဝန်လား မကွဲပြားဖြစ်နိုင်ပါတယ်။ ဒါမျိုးမဖြစ်ဖို့ အချင်းချင်း တောင်းဆိုတာတွေ၊ တာဝန်တွေကို သီးခြားစီ ခွဲခြားထားသင့်ပါတယ်။

၄။ သင်တို့နှစ်ဦးကြားက ကွာခြားမှုကိုလက်ခံပါ

အလုပ်အတူတူလုပ်ရတာကြောင့် အတူတူ အချိန်ကုန်ဆုံးရတာ ပိုများမှာပါ။ ကိုယ် သည်းမခံနိုင်တဲ့ သူ့အပြုအမူတွေ၊ လုပ်ငန်းခွင်လုပ်ကိုင်ပုံတွေ ရှိမှာပါ။ သင်တို့ နှစ်ဦးက နှစ်ယောက်လုံး ပြည့်စုံနေမှာ မဟုတ်ပါဘူး။ ဒါကို လက်ခံထားသင့်ပါတယ်။

၅။ အဆင်မပြေခဲ့ရင်

သင်တို့ နှစ်ဦးက လုပ်ငန်းခွင်မှာ နှစ်ဦးကြားပြဿနာတွေကို မညှိနှိုင်းနိုင်ခဲ့ရင် သင်တို့နှစ်ဦးရဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ငွေကြေးမှာပါ ပြဿနာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အချင်းချင်း ညှိနှိုင်းကြိုးစားကြည့်ပြီး အလုပ်လုပ်သင့်ပါတယ်။

အလုပ်အတူလုပ်နေတဲ့ သင့်ချစ်သူသိရအောင် Mention ခေါ်ဖို့ မမေ့နဲ့နော်။

Photo Source: Pinterest

By MyStyle Myanmar