မင်္ဂလာပါနော်။ လူတိုင်းမှာ စိတ်ဖိစီးမှုတွေဆိုတာ အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ ဒါပေမယ့် စိတ်ရောကိုယ်ပါ ပင်ပန်းတဲ့အထိမခံနိုင်အောင် Stress အရမ်းများလာပြီဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်တာမို့ ပြန် သက်သာအောင် လုပ်ပေးဖို့လိုလာပါပြီ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ လတ်တလော စိတ်ဖိစီးမှုတွေနဲ့ကြုံနေရသူတွေအတွက် အမြန်ဆုံးပြန်သက်သာဖို့ လုပ်ပေးသင့်တဲ့ အကြောလျှော့ လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ Yoga ပုံစံ လေ့ကျင့်ခန်းတွေဖြစ်တာမို့ စိတ်လည်းတည်ငြိမ်စေသလို အကြောပြေပြီး စိတ်ရောကိုယ်ပါ ပေါ့ပါးသွားအောင် ကူညီပေးမှာပါ။

လေ့ကျင့်ခန်း ၁

ပထမဆုံးလေ့ကျင့်ခန်းလေးကတော့ ပုံမှာပြထားသလို ခန္ဓာကိုယ်ရှေ့ကိုကွေးပြီး လက်ထောက်ကာ ခေါင်းကိုငုံ့ချပေးရမှာပါ။ ဒူးမကွေးစေဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းအကြောတွေကို ဖြေလျော့ထားပေးရမှာဖြစ်ပါတယ်။ ဒီအတိုင်း စက္ကန့် ၃၀ လောက်အထိ နေပေးပါ။ အကြောပြေသလို သွေးလည်ပတ်မှုနဲ့ အစာခြေစနစ်ကောင်းအောင်ပံ့ပိုးပေးတာမို့ ဝိတ်လည်းကျစေမှာပါ။

လေ့ကျင့်ခန်း ၂

Stress နဲ့ စိတ်ပူပန်မှုတွေကြောင့် အိပ်မပျော်တဲ့ဒဏ်ကို သက်သာလာစေမယ့် လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ ပုံထဲကလို ဒူးကွေးထိုင်ကာ လက်တွေကို ရှေ့ဘက်ဆန့်ထုတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကွေးချပေးပါ။ သူ့ကိုလည်း စက္ကန့် ၃၀ ကနေ တစ်မိနစ်ကြား ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း ၃

ဒူးတစ်ဖက်ကိုကွေးကာ ကျန်တစ်ဖက်ကိုနောက်ဘက်ဆန့်ထုတ်ပြီး ခန္ဓာကိုယ်အပေါ်ကို အရှေ့ကိုကွေးပေးပါ။ တတ်နိုင်သလောက် ခေါင်းကို ကြမ်းပြင်နဲ့ထိအောင်ကွေးပေးရပါမယ်။ ခြေထောက်တစ်ဖက်ချင်းပြောင်းပြီး စက္ကန့် ၃၀ စီပြုလုပ်ပေးပါ။ တင်ပါးကနေ ခန္ဓာကိုယ်အောက်ပိုင်းတစ်လျှောက်လုံး အကြောပြေပြီး ပေါ့ပါးသွားတာကို ခံစားမိပါလိမ့်မယ်။

လေ့ကျင့်ခန်း ၄

ဒူးနဲ့လက်နှစ်ဖက်ထောက်ကာ ခေါင်းမော့လိုက် ပြန်ချလိုက်လုပ်ပေးပါ။ ခေါင်းငုံ့ရင်းနဲ့ အသက်ရှုထုတ်ပြီး ခေါင်းပြန်မော့တဲ့အခါ ရှုသွင်းပေးရမှာဖြစ်ပါတယ်။ ခေါင်းအတင်အချနဲ့ အသက်ရှုသွင်းရှုထုတ် စည်းချက်ညီညီနဲ့ ၁၅ ကြိမ်လောက် လုပ်ပေးရမှာဖြစ်ပါတယ်။ စိတ်တည်ငြိမ်ပြီး Stress တွေသက်သာစေဖို့ ကူညီပေးပါလိမ့်မယ်။

လေ့ကျင့်ခန်း ၅

နောက်ဆုံးတစ်ခုကတော့ ဒူးမကွေးအောင်ထိန်းထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းငုံ့ချကာ လက်နဲ့ကြမ်းပြင်ထိထားပေးရမှာဖြစ်ပါတယ်။ ဒီပုံအတိုင်း ကိုယ်နိုင်သလောက် စက္ကန့် ၃၀ လောက်အထိ တောင့်ထားပေးပါ။ တင်းနေတဲ့အကြောတွေဖြေလျော့ပြီး စိတ်ပေါ့ပါးလန်းဆန်းသွားတာကို ခံစားမိစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar