Healthy Relationship ကို ထိန်းသိမ်းဖို့ဆိုတာ မလွယ်ပါဘူး။ စုံတွဲတော်တော်များများက အကြောင်းပြချက်အမျိုးမျိုးတွေနဲ့ နှစ်ယောက်ကြားမှာ လျှို့ဝှက်ထားတတ်ကြပါတယ်။ သင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို သင့်ရဲ့လက်တွဲဖော်ကို မပြောပြတာ ၊ လျှို့ဝှက်ချက်ထားတာက အသေးအဖွဲလို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တော့ ဒါက နှစ်ယောက်ကြားက နှောင်ကြိုးကို ပျက်စီးစေမှာပါ။

ယုံကြည်မှု

တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်ချက်ထားတာက နှစ်ယောက်ကြားမှာ မယုံကြည်မှု၊ သံသယနဲ့ မလုံခြုံမှုတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ယုံကြည်မှုမရှိရင် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးသားစွာ ပြောဆိုဆက်ဆံဖို့ ခက်ခဲနိုင်ပါတယ်။

နာကြည်းမှု

နှစ်ယောက်ကြားမှာ လျှို့ဝှက်ချက်ထားတာက နာကြည်းမှုကို ဖြစ်စေတတ်ပါတယ်။ ကိုယ့်ခံစားချက်ကို တစ်ဖက်က တန်ဖိုးမထားသလို ခံစားရနိုင်တာကြောင့် အချိန်ကြာလာတာနဲ့အမျှ ခါးသီးမှု၊ ဒေါသနဲ့ စိတ်ပျက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

လိုအပ်ချက်

မရှိမဖြစ်လိုအပ်တဲ့ အချက်အလက်တွေကို ဖုံးကွယ်ထားလို့ တစ်ယောက်ရဲ့လိုအပ်ချက်ကို တစ်ယောက်ကမဖြည့်ပေးနိုင်တဲ့အခါ ရလဒ်က နှစ်ယောက်ကြားမှာ မကျေနပ်မှုနဲ့ နာကျင်ခံစားရမှုတွေ ပိုတိုးလာတာပါပဲ။

ဆက်သွယ်ရေး

တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းမပြောတဲ့အခါ နှစ်ယောက်ကြား ဆက်သွယ်မှုကို အဟန့်အတားဖြစ်စေလာပါတယ်။ ကြာလာရင် တင်းမာမှုနဲ့ နားလည်မှုလွဲမှားတာတွေ ဖြစ်လာနိုင်ပြီး ပြဿနာကို ဖြေရှင်းဖို့ ခက်ခဲလာပါလိမ့်မယ်။

စိတ်ခံစားမှုအကွာအဝေး

တဖက်လူရဲ့ဝေဖန်တာတွေကြောင့် ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ ခက်ခဲလာတဲ့အခါ စိတ်ထဲမှာ ဝေးကွာမှုကို ခံစားလာရတတ်ပါတယ်။ ကြာလာရင် နှစ်ယောက်ကြား ပိုဝေးကွာပြီး Relationship ကိုထိခိုက်လာနိုင်ပါတယ်။