တစ်ခါတစ်လေကျရင် စိတ်တွေအရမ်းရှုပ်ပြီး ဒေါသထွက်၊ စိတ်တိုပြီး လူတိုင်း၊ အရာရာတိုင်းက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်သလိုမျိုး ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းတွေကတော့ ဒီ ၅ ခုကြောင့် ဖြစ်လာရတာများပါတယ်။

Alcohol နဲ့ Caffeine ဓာတ်သုံးစွဲမှုများခြင်း

Alcohol နဲ့ caffeine ဓာတ်သုံးစွဲမှုများလာရင် ခေါင်းကိုက်တာ၊ ခေါင်းအုံတာမျိုးတွေ၊ ခေါင်းမကြည်တာမျိုးတွေဖြစ်ပြီး စိတ်ဆက်လာပါတယ်။ တစ်ခုခုဆို မစဉ်းစားပဲ ဒေါသထွက်၊ စိတ်ရှုပ်လာပြီး တစ်ခုခုပြောလိုက်တာနဲ့ တစ်ခုခုကိုမြင်တာနဲ့ အာရုံနောက်လာပါတယ်။

အိပ်ရေးမဝခြင်း

အရာရာကိုစိတ်မကြည်ပဲ အလိုလိုနေရင်း ဒေါသတွေထွက်၊ စိတ်တွေရှုပ်နေရင်တော့ အိပ်ရေးမဝလို့ပါပဲ။ အိပ်ရေးမဝရင် ဒီလိုစိတ်အခြေအနေတွေ အမြဲဖြစ်လေ့ရှိပါတယ်။ လူတိုင်း၊ အရာရာတိုင်းက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေတတ်ပါတယ်။

လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းတွေမလုပ်ရင် နေရထိုင်ရတာထိုင်းမှိုင်းပြီး မလန်းတော့ဘူး။ တစ်ခါတစ်လေကျရင် ဘာမှလည်းမဖြစ်ပဲ လူကနုံးသလို၊ ပင်ပန်းသလိုတွေဖြစ်နေတတ်ပါတယ်။ ဒီလိုတွေဖြစ်လာရင် စိတ်မကြည်တော့တာမျိုး၊ စိတ်ရှုပ်တာမျိုးတွေ ဖြစ်လာပြီး အရာရာကို မကောင်းမြင်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်ပေးပါ။

ကိုယ့်ကိုယ်ကိုအရမ်းစည်းကမ်းတင်းကျပ်ထားခြင်း

ကိုယ့်ကိုယ်ကို အရမ်းတွေစည်းကမ်းတင်းကျပ်ထားပြီး ချုပ်တည်းထားတာတွေ၊ လုပ်ချင်တာတွေကို မလုပ်ပဲနေရတာတွေ များလာတဲ့အခါမှာ စိတ်အလိုမကျတာတွေ ဖြစ်လာပါတယ်။ အဲ့အခါကျရင် ဘယ်အရာကိုမှ စိတ်မရှည်တော့ပဲ ကိုယ့်အတွက် အရာရာတိုင်းက စိတ်အနှောင့်အယှက်ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လွတ်လပ်ခွင့်ပေးလိုက်ပါ။ စိတ်ပျော်သလိုနေပါ။

ကိုယ့်ပတ်ဝန်းကျင်ကအဆင်မပြေခြင်း

လူတိုင်း၊ အရာရာတိုင်းက ကိုယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်နေရတဲ့ နောက်ဆုံးအကြောင်းအရင်းကတော့ ကိုယ့်နားကပတ်ဝန်းကျင်ကြောင့်ပါပဲ။ ကိုယ့်နားကပတ်ဝန်းကျင်၊ ကိုယ်ပတ်သက်နေရတဲ့သူတွေက အဆင်မပြေရင်လည်း အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ စိတ်ပင်ပန်းရပါတယ်။