စနေ ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမှာ ဘယ်သူမဆို နေမြင့်မှ အိပ်ရာထချင်ကြမှာပါ။ ရုံးဖွင့်ရက်တွေမှာ အိပ်ရာစောစာက ထပြီး ရုံးသွားကြရတာ ဖြစ်လို့ ပိတ်ရက်မှာ အိပ်ရာက မထချင်ကြတာ နားလည်ပေးလို့ရပါတယ်။ ဒါပေမယ့်လည်း ရုံးပိတ်ရက်မှာ အိပ်ရာစောစောထတာလည်း မမှားပါဘူး။

(၁) မနက်စောအချိန်တွေက တက်ကြွလန်းဆန်းစေတယ်

Photo : Lionesse

တစ်နေ့တာလုံးမှာ စိတ်အကြည်ဆုံးအချိန်က မနက် ၅ နာရီကနေ ၉ နာရီဝန်းကျင်ဖြစ်ပါတယ်။ ဒီအချိန်မှာ အိပ်ရာက ထပြီး အလုပ်လုပ်ရင် အလုပ်လည်း ပိုပြီး အလုပ်တွင်သလို Mood လည်း ပိုကောင်းပါတယ်။ စိတ်ခံစားချက်ကောင်းလေလေ တစ်ခုခုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ ပိုလွယ်လေလေပါပဲ။

(၂) အာရုံပိုစိုက်လို့ကောင်းတယ်

Photo : Centre of Excellence

လူတော်တော်များများက မနက်စောစောထရင် ခေါင်းမကြည်ဘူးလို့ ထင်ကြပါတယ်။ ညဘက်တွေ အိပ်ရာဝင်နောက်ကျတာဆိုရင်တော့ ဟုတ်ပါတယ်။ ညဘက် စောစောအိပ်ရာဝင်ထားပြီး မနက်စောစော နိုးလာတဲ့သူတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ရုံးပိတ်ရက်မနက်စောစောမှာ အိပ်ရာက ထကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ အာရုံစိုက်နိုင်စွမ်း မြင့်မားနေတာကို တွေ့ပြီး အံ့ဩရပါလိမ့်မယ်။

(၃) အနှောင့်အယှက်လည်း နည်းတယ်

Photo : Avalon Malibu

မနက်စောစောမှာ လူတော်တော်များများက အိပ်ရာထဲမှာပဲ ရှိနေတော့ လူသံ သူသံလည်း ကင်းနေပါတယ်။ မနက် ၅ နာရီလောက် အိပ်ရာက ထပြီး အပြင်ကို ငေးကြည့်လိုက်မယ်ဆိုရင် ဩကာသလောကကြီးဟာ ငြိမ်သက်တိတ်ဆိတ်ပြီး အာရုံကို ကြိုနေတာ မြင်ရပါလိမ့်မယ်။ မနက်စောစောမှာ တစ်ယောက်တည်းပြီး လမ်းထွက်လျှောက်ကြည့်မယ်ဆိုရင် စိတ်ဟာ မခံစားရဖူးတဲ့ ငြိမ်းချမ်းမှုမျိုးကို ငြိမ်ငြိမ်လေး ခံစားရမှာပါ။ ပတ်ဝန်းကျင် ဆူညံမှုကင်းနေတာ ဖြစ်လို့ စိတ်ဟာ အနားရသွားတယ်လို့လည်း ခံစားမိပါလိမ့်မယ်။

(၄) အိပ်လို့လည်း အကျိုးရှိမှာ မဟုတ်ပါဘူး

Photo : Popsugar

ပုံမှန်အိပ်ချိန်ထက် ပိုအိပ်လို့လည်း သင့်အတွက် အကျိုးများမှာ မဟုတ်ပါဘူး။ အိပ်ရာထဲ တစ်နာရီ ၂ နာရီ ကပိုလှဲနေတာကမှ အိပ်စက်မှုပုံစံကို ရုတ်ချည်း ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီလို အပြောင်းအလဲဟာ တစ်နေ့တာလုံးအပေါ် သက်ရောက်မှု ရှိသွားပါလိမ့်မယ်။

(၅) မနက်ပိုင်း လေ့ကျင့်ခန်းလုပ်တာ ပိုထိရောက်တယ်

Photo : Pinterest

မနက်စောစောထပြီး Gym မသွားဖူးရင် တစ်ခါလောက် သွားကြည့်ပါ။ ညနေဘက် ရုံးအဆင်း Gym ကစားတာထက် ပိုပြီး ကစားလို့ကောင်းပြီး တကယ်လည်း ထိရောက်တာကို တွေ့ရပါလိမ့်မယ်။ မနက်ပိုင်းမှာ ကောင်းကောင်းအနားရထားလို့ ကိုယ်တွင်းမှာလည်း စွမ်းအင်တွေ ပြည့်ဝနေသလို Gym ကစားပြီးရင်လည်း လူက တစ်နေ့လုံး ပေါ့ပါးသွက်လက်နေမှာပါ။