ဘဝကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းအောင် ပုံဖော်နေတဲ့သူတစ်ယောက်ဟာ အိပ်ရာဝင်ချိန်မှာ ကိုယ့်ရဲ့ တစ်နေတာကို ပြန်ဆန်းစစ် ကြည့်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ မနက်အိပ်ရာထမှာ တစ်နေ့တာအချိန်ဇယားဆွဲခဲ့သလို ညဘက်အိပ်ရာဝင်ချိန်မှာလည်း ကိုယ့်ရဲ့ တစ်နေကုန်လုပ်ရပ်ကို ပြန်ပြီး သုံးသပ်သင့်ပါတယ်။
ဒီလို တစ်နေ့တာ Review ပြန်လုပ်ရာမှာ အခုပြောမယ့်မေးခွန်းလေးတွေလည်း မေးပေးသင့်ပါတယ်။ ဒီမေးခွန်းလေးတွေကို ထိထိရောက်ရောက် ဖြေနိုင်ခြင်းအားဖြင့် နေ့စဉ်ဘဝမှာ ပိုပြီး သိသာတဲ့ကောင်းကျိုးတွေ ရလာမှာ ဖြစ်ပါတယ်။
(၁) ဒီနေ့ငါ ဘာသင်ယူနိုင်ခဲ့လဲ
Photo: Learn English In
တစ်ရက်ချင်းစီဟာ ရှေ့ကို တိုးတက်အောင် သင်ယူသွားဖို့ အတွေ့အကြုံနဲ့ အခွင့်အလမ်းတွေ ပေးပါတယ်။ ဒီလို အတွေ့အကြုံတွေကို သင်တန်းတစ်ခုလို သဘောထားပြီး တစ်နေ့ချင်းသင်သွား/ပြင် သွားတဲ့သူဟာ တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မညှာတမ်းမေးပါ။ ငါ ဒီနေ့ စိတ်နေမြင့်အောင် ပြင်ခဲ့သလား။ အစီအမံတွေ ချွတ်ချော်ခဲ့သလား ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခဲ့သလား။ သည်းခံမှုစွမ်းရည်ကို မြှင့်တင်နိုင်ခဲ့သလား။ ဒီနေ့ဘယ်အပိုင်းတွေမှာ တိုးတက်မှုရခဲ့သလဲ။ အသိဉာဏ်လား ၊ စိတ်နေသဘောထားလား။ ဥစ္စာပစ္စည်းလား။ ကိုယ့်စိတ်ကို သေချာပြန်ကြည့်ပြီး မေးခွန်းတွေ ထုတ်ပါ။
(၂) ဒီနေ့လုပ်ခဲ့တဲ့ အပြုသဘောဆောင်တဲ့ အရာ ၃ ခုက ဘာတွေလဲ
Photo: Get Organized Wizard
ညအိပ်ရာဝင်ခါနီးမှာ တစ်နေ့တာလုပ်ရပ်တွေထဲက အပြုသဘောဆန်တဲ့ အရာ ၃ ခုကို ပြန်တွေးကြည့်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ကောင်းမွန်တဲ့လုပ်ရပ်လေးတွေကို ပြန်သတိရခြင်းအားဖြင့် ပိုပြီးစိတ်ခွန်အားဖြစ်စေပါတယ်။ နောက်ရက်တွေမှာလည်း ပိုကောင်းတဲ့ အလုပ်လုပ်နိုင်ဖို့ အင်အားသစ်တွေ ရရှိစေမှာပါ။
(၃) တခြားသူတွေအတွက် ဘာလုပ်ပေးခဲ့သလဲ
Photo: Freepik
ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ ကိုယ့်အတွက်ပဲ စဉ်းစားလို့ မရပါဘူး။ လောကပတ်ဝန်းကျင်ကောင်းဖို့အတွက်ပါ စဉ်းစားပေးသင့်ပါတယ်။ ဒီနေ့ ဘယ်သူ့တွေကို ဘယ်လို ကူညီခဲ့သလဲ။ ကိုယ်နဲ့ ဆက်ဆံခဲ့သူတွေကို ဖော်ရွေပျူငှာစွာနဲ့ ဆက်ဆံခဲ့သလား။ တခြားသူတွေအတွက် ဘာတွေ စဉ်းစားပေးခဲ့သလဲဆိုတာ ပြန်စဉ်းစားပါ။
(၄) ဒီနေ့ ကိုယ့်ရည်ရွယ်ချက်အတိုင်း ဖြစ်ခဲ့သလား
Photo: 123RF.com
နေ့တိုင်းမှာ တစ်နေ့တာအတွက် ရည်မှန်းချက်တွေ ပန်းတိုင်တွေ ရှိဖို့ လိုပါတယ်။ ဒီရည်မှန်းချက်တွေကို ရောက်ခဲ့သလားဆိုတာကိုလည်း ပြန်ပြန်ပြီး စစ်ဆေးကြည့်ဖို့ လိုပါတယ်။ ပန်းတိုင်ဆီတစ်လှမ်းပြီး တစ်လှမ်း နီးလာသလား ၊ ဝေးသွားသလားဆိုတာ ပြန်သုံးသပ်ခြင်းအားဖြင့် ကိုယ့်အားနည်းချက်တွေကို ဖော်ထုတ်နိုင်ပါမယ်။ ကိုယ်ကိုယ်တိုင်လည်း Motivation သစ်တွေ ရလာပြီး ပိုကြိုးစားချင်စိတ် ဖြစ်လာမှာပါ။
(၅) မနက်ဖြန်အတွက် ကိုယ့်ဦးတည်ချက်က ဘာလဲ
Photo: Instituto i9c
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝဟာ အမြဲတမ်းအပြောင်းအလဲတွေ ရှိပါတယ်။ ဒါကြောင့်ပဲ အစီအစဉ်သစ်တွေ ဆွဲပြီး အပြောင်းအလဲတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ချင်သလဲ။ အနာဂါတ်အတွက် ကိုယ့်ရဲ့ ပုံရိပ်ကို အိပ်ရာမဝင်ခင် နဖူးပေါ် လက်တင်ပြီး စဉ်းစားပုံဖော်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။