တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူနဲ့ ဝေးကွာသွားသလို၊ သူစိမ်းဆန်လာသလို ခံစားရတာမျိုး ဖြစ်ဖူးကြမှာပါ။ အဲ့လိုတွေခံစားလာရရင် သူငါ့ကိုမချစ်တော့တာလား၊ ငါနဲ့မတွဲချင်တော့တာလားဆိုတဲ့ အတွေးတွေ ခေါင်းထဲအလိုလိုကို ရောက်လာပါတယ်။ သင်ကိုယ်တိုင် ဒီလိုအဖြစ်မျိုးနဲ့ကြုံနေရပြီဆိုရင်တော့ သင့်ရည်းစားနဲ့ ဖြေးဖြေးချင်းဝေးကွာသွားရတဲ့ ဖြစ်နိုင်မှုအရှိဆုံး အကြောင်းအရင်းက ၅ ခုရှိပါတယ်။

သူ့ဘဝမှာစိတ်ဖိစီးမှုတွေအရမ်းများနေခြင်း

သူ့ဘဝမှာ တခြားသော အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုတွေ အရမ်းများနေရင်လည်း အချစ်ရေးကို အာရုံမစိုက်နိုင်တော့တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့်ပဲ သင့်အပေါ်မှာ လစ်ဟာသလိုဖြစ်ပြီး အရင်လို ကြင်နာယုယမှုတွေမရှိတော့တာ၊ သူ့စိတ်ဖိစီးမှုနဲ့သူ စကားတွေလည်း အရင်လိုမပြောဖြစ်တော့တာမျိုး ဖြစ်တတ်ပါတယ်။

တစ်ယောက်ထဲနေဖို့အချိန်လိုအပ်နေခြင်း

သူ့အတွက် တစ်ယောက်ထဲနေဖို့အချိန် လိုအပ်နေရင်လည်း ဝေးကွာသွားသလို ခံစားရတတ်ပါတယ်။ အကောင်းဆုံးကတော့ မပြတ်နိုင်ရင် သူ့ကိုတစ်ယောက်ထဲနေဖို့ အချိန်ပေးလိုက်ပါ။ ဒီလိုအချိန်မှာ ပြဿနာသွားရှာလိုက်ရင် စိတ်တွေရှုပ်ထွေးပြီး ကိုယ့်ဆီကထွက်သွားပါလိမ့်မယ်။

တခြားတစ်ယောက်ကိုစိတ်ဝင်စားနေခြင်း

တခြားတစ်ယောက်ကို စိတ်ဝင်စားနေရင် သင့်ကိုအရင်လောက် ဂရုစိုက်တော့မှာမဟုတ်သလို၊ စကားလည်းသိပ်ပြောဖြစ်တော့မှာ မဟုတ်ပါဘူး။ မအားတာလည်းမဟုတ်ပဲ ကိုယ့်ကိုအချိန်မပေးတာမျိုး၊ ရှောင်နေတာမျိုးတွေလုပ်ပြီး ဝေးကွာလာသလို ခံစားနေရရင်တော့ သူ့စိတ်ထဲ တခြားတစ်ယောက် ရှိနေပြီလားဆိုတာကို စုံစမ်းဖို့လိုနေပါပြီ။

လက်ရှိ Relationship ကိုစိတ်ကုန်လာခြင်း

လက်ရှိကိုယ်နဲ့ပတ်သက်တဲ့ relationship ကို စိတ်ကုန်လာရင်လည်း သူ့ဘက်ကနေ တစ်လှမ်းချင်းစီ နောက်ဆုတ်ပြီး ကိုယ်နဲ့ဝေးရာကိုထွက်သွားဖို့ ပြင်နေမှာပါ။ ထွက်မသွားခင်မှာတော့ ကိုယ်ပဲအတွေးပေါင်းများစွာနဲ့ ခံစားနေရအုံးမှာပါ။

သူ့အတွက်သူသိမ်ငယ်စိတ်တွေဝင်နေခြင်း

ကိုယ်ကသူ့ထက်သာနေရင်လည်း သူ့အတွက်သူသိမ်ငယ်စိတ်တွေဝင်ပြီး ကိုယ်နဲ့မတွဲချင်တော့တာမျိုးတွေ ရှိပါတယ်။ ဘေးပတ်ဝန်းကျင်ကစကားတွေပါဝင်လာရင် ပိုဆိုးပါတယ်။ တစ်ယောက်ထဲပဲ နေချင်လာတာမျိုး၊ တစ်ယောက်ထဲ အောင်မြင်အောင်လုပ်ချင်လာတာမျိုးတွေ ဖြစ်လာပြီး ကိုယ့်ဆီကထွက်သွားဖို့ကိုပဲ တွေးနေမိပါလိမ့်မယ်။