မင်္ဂလာပါ ပျိုမေတို့ရေ။ အကာအကွယ်မပါဘဲ နေပူထဲထွက်မိရာက အခန့်မသင့်လို့ အရေပြား နေလောင်သွားသူတွေအတွက် အမြန်ဆုံးသက်သာစေမယ့် သဘာဝနည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်နော်။ နေလောင်ကွက်အပြင် အပူလောင်တဲ့ဒဏ်ရာတွေကိုပါ ပါးပြီး အရောင်ကျစေတာမို့ လတ်တလော နေပူထဲခဏခဏထွက်ရတဲ့သူတွေ လိုက်လုပ်ကြည့်ဖို့ ကွက်တိပါပဲ။ အကုန်အကျလည်းမများဘဲ လွယ်လွယ်လုပ်နိုင်မယ့် သဘာဝနည်းတွေဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်ပါ။

ကြက်ဆူဆီ


ကြက်ဆူဆီမှာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့အာနိသင်ရှိတာမို့ နေလောင်ဒဏ်ရာတွေသက်သာပြီး အသားအရေကိုနူးညံ့စေပါတယ်။ အစိုဓာတ်လည်းပေးတာမို့ နေလောင်ထားတဲ့နေရာတွေအပေါ် ကြက်ဆူဆီအနည်းငယ်ကို တိုက်ရိုက်ပွတ်လိမ်းပေးပါ။

လာဗင်ဒါဆီ


လာဗင်ဒါအဆီက အပူလောင်ခြင်းကြောင့် အရေပြားနာကျင်တာ၊ နီမြန်းတာတွေကို သက်သာစေတဲ့ ဆေးဖက်ဝင်အဆီအဖြစ် လူသိများပါတယ်။ သူ့မှာပါတဲ့ အာနိသင်က အနာကျက်လည်းမြန်စေတာမို့ သင့်အနေနဲ့ လာဗင်ဒါဆီကို နေလောင်ကွက်တွေအပေါ်လိမ်းပေးတာမျိုး ပြုလုပ်ပေးပါ။

သခွားသီး


သခွားသီးက အသားအေးစေတာကို တော်တော်များများသိပြီးသားဖြစ်မှာပါ။ သူကို့ နေလောင်ဒဏ်ရာတွေအတွက်လည်း သုံးနိုင်တာမို့ အအေးခံထားတဲ့ သခွားသီးကို အစိတ်စိတ်ပြီး နေလောင်ထားတဲ့နေရာတွေပေါ် ကပ်ပေးပါ။ အရေပြားယားယံတဲ့နေရာတွေအတွက် သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို လိမ်းပေးတာမျိုးလည်း လုပ်နိုင်ပါတယ်။

လက်ဖက်စိမ်း


လက်ဖက်စိမ်းမှာလည်း ရောင်ရမ်းမှုလျော့စေတဲ့ အာနိသင်တွေပါဝင်တာမို့ နေလောင်ဒဏ်သက်သာဖို့အတွက် သုံးလို့ရပါတယ်နော်။ နေလောင်ထားတဲ့နေရာတွေအပေါ် မိနစ်အနည်းငယ်ခန့် လက်ဖက်စိမ်းအုံထားပေးပါ။

ရေအေးနဲ့ စိမ်ခြင်း


ရေအေးလောင်းချတာ၊ ရေအေးနဲ့စိမ်ထားတာကလည်း နေလောင်ထားတဲ့အသားအရေကို အနာကျက်မြန်အောင် ပံ့ပိုးပေးမှာပါ။ ဒါကြောင့်မို့ ရေချိုးတဲ့အခါ နေလောင်ကွက်ရှိတဲ့နေရာတွေကို မိနစ်အနည်းငယ် အချိန်ပေးပြီး ရေအေးအေးနဲ့ စိမ်းပေးတာမျိုး ပြုလုပ်ပေးပါနော်။

Photo Source: Pinterest

By MyStyle Myanmar