ဆံသားပျက်စီးနေပေမယ့် ဆိုင်သွားပြီး Treatment လည်းမလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရအောင် ပျက်စီးနေတဲ့ဆံသားကို ပြန်လည်ကောင်းမွန်လာစေမယ့် သဘာဝနည်းလမ်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတဲ့နည်းလမ်းကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးကို ကြိတ်ပြီး ဆံသားအနှံ့လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ ပြီးရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ထောပတ်သီးမှာက omega-3 fatty acids, vitamin A, vitamin D, vitamin E ပါဝင်တာကြောင့် ဆံသားကျန်းမာဖို့ အများကြီး အထောက်အကူပြုပါတယ်။

ဇီးဖြူသီးနဲ့ရှားစောင်းလက်ပတ်

ဇီးဖြူသီး – ၂ လုံးကိုထောင်းပြီး ရှားစောင်းလက်ပတ်ဂျယ်လ်ကို စားပွဲတင်ဇွန်း ၄ ဇွန်းစာခြစ်ယူပြီး ရောမွှေပါ။ ပြီးရင် ဆံသားအနှံ့ ဦးရေပြားကိုပါလိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းက ဆံသားပျက်စီးနေတာတွေ သက်သာပြီး ဆံသားသန်စွမ်းကျန်းမာစေတယ်၊ ဆံပင်အရှည်မြန်စေပါတယ်။

ဒိန်ခဲနဲ့ပျားရည်

ဒိန်ခဲကို ခွက်တစ်ခွက်စာယူပြီး ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေလိုက်ပါ။ ပြီးရင် ဦးရေပြားနဲ့ဆံသားကို လိမ်းပေးပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းက ဆံသားပျက်စီးတာ သက်သာပြီး ဆံသားပျော့ပြောင်းလာစေတယ်၊ ဆံသားတောက်ပြောင်လာစေပါတယ်။

ဆန်နဲ့ပျားရည်

ဆန်ကို ခွက်တစ်ဝက်စာယူပြီး ရေတစ်ခွက်ထည့်ကာ ၃ နာရီလောက် စိမ်ထားလိုက်ပါ။ အချိန်ပြည့်ရင် အပူပေးပြီး ပျားရည် တစ်ဇွန်းထည့်ပါ။ ပြီးရင်တော့ အအေးခံပြီး ဆန်စေ့တွေကိုဖယ်ကာ အရည်ကို ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပြီးတော့ massage လုပ်နှိပ်နယ်ပေးပါ။ ခဏထားပြီးရင်တော့ ခေါင်းလျှော်လို့ရပါပြီ။ ဒီနည်းလမ်းက ဆံသားပျက်စီးနေတာ သက်သာပြီး ဆံသားကျန်းမာသန်စွမ်းစေတယ်၊ ဆံသားတောက်ပြောင်စေပါတယ်။

အုန်းဆီ

ဒီနည်းလမ်းကတော့ အလွယ်ဆုံးပါပဲ။ အုန်းဆီကို ဦးရေပြားနဲ့ ဆံသားအနှံ့လိမ်းပြီး လက်ချောင်းလေးတွေနဲ့ massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် ၂ နာရီထားပြီးမှ ခေါင်းလျှော်ပေးပါ။ ဆံသားပျက်စီးတာ၊ ဆံသားဖွာတာတွေ သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။