တစ်ခါတစ်လေ အင်္ကျီလက်တို၊ လက်ပြတ်ဝတ်ပြီး နေပူထဲထွက်မိတာကြောင့် အင်္ကျီလက်မဖုံးထားတဲ့ အပိုင်းတွေမှာ နေလောင်ပြီး အပေါ်အောက် အသားအရောင်ကွဲသွားတာမျိုးကို တော်တော်များများ ကြုံဖူးကြမှာပါ။ Sunscreen သေချာမလိမ်းမိရင် ပိုဆိုးပါတယ်။ ဒီလိုနေလောင်သွားတဲ့ လက်အသားအရေကို သေချာပြန်ဂရုမစိုက်ဘဲ ပြစ်ထားမိရင် အသားအရောင်ကညစ်ပြီး ပိုမဲလာတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နေလောင်ကွက်တွေသက်သာပြီး အသားပြန်ဖြူလာဖို့ လုပ်လို့ရတဲ့ သဘာ၀ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးချင်ပါတယ်။

အာလူးကိုဖျော်ပြီး Massage လုပ်ပါ


အာလူးက အမဲစက်နဲ့ အသားနီမြန်းတာတွေသက်သာပြီး အသားကြည်စေပါတယ်။ အားလူးကိုခြစ်ပြီး အရည်ရအောင်ညှစ်ကာ ရလာတဲ့အရည်ကို လက်ရဲ့အသားရောင်မညီတဲ့နေရာတွေမှာ Massage လုပ်ပြီး ပွတ်လိမ်းပေးပါ။ အမြန်ဆုံးသိသာဖို့ Sunscreen ပုံမှန်လိမ်းပြီး ဒီနည်းအတိုင်း တစ်ပတ် နှစ်ကြိမ်လောက်လုပ်ပေးပါ။

လိမ္မော်ခွံနဲ့ Scrub လုပ်ပါ


လိမ္မော်သီးမှာပါတဲ့ ဗီတာမင်စီက အသားအရည်ဖြူဝင်းပြီး နုပျိုစေပါတယ်။ အမှုန့်ကြိတ်ထားတဲ့ လိမ္မော်သီးအခွံကို ပျားရည်၊ နို့စိမ်းတို့နဲ့ ပေါင်းပြီး Scrub တိုက်ပေးရမှာပါ။ လုပ်ရမယ့်နည်းက နို့စိမ်းတစ်ဇွန်းစာကို ဇလုံတစ်လုံးထဲထည့်ကာ လိမ္မော်ခွံအမှုန့်် ဇွန်းဝက်ကိုပါ ပေါင်းထည့်ပါ။ အနှစ်ခပ်ပြစ်ပြစ်လေးရအောင်မွှေပြီး ပျားရည်အနည်းငယ်ကိုပါ ပေါင်းထည့်ပေးရပါမယ်။ ရလာတဲ့အနှစ်ကို လက်မှာ ၅ မိနစ်လောက် ပွတ်လိမ်းပြီး ခဏထားကာရေဆေးချပေးပါ။ မျက်နှာအတွက်ပါသုံးလို့ရပြီး နေလောင်ကွက်တွေ သက်သာစေပါလိမ့်မယ်။

ပျားရည်၊ နွားနို့နဲ့ နနွင်းကိုရောပြီး သုံးနိုင်ပါတယ်


နနွင်းက သုံးပြီးနောက်မှာတော့ Skin ကာလာတက်စေပေမယ့် လိမ်းတဲ့အခါ သူ့တစ်မျိုးတည်းဆိုရင် အသားဝါသွားတတ်လို့ သူ့ကို နွားနို့နဲ့ရောသုံးပေးရပါမယ်။ ရောပြီး အနှစ်ရတဲ့အခါ ပျားရည်ကိုပါ ပေါင်းထည့်လိုက်ပါ။ ပြီးရင်တော့ လက်တစ်လျှောက်လိမ်းပေးရုံပါပဲ။ ပျားရည်ရဲ့အာနိသင်ကြောင့် အသားအစိုဓာတ်ပါရစေမှာပါ။

နို့စိမ်းရည်နဲ့ စိမ်ပါ


လက်ကို နို့စိမ်းနဲ့စိမ်တာကလည်း အသားမညီတာသက်သာပြီး နေလောင်ကွက်တွေ ပျောက်စေပါတယ်။ သူ့တစ်မျိုးတည်း ဒါမှမဟုတ် ရေနွေးနွေးလေးနဲ့ရောစိမ်နိုင်ပြီး ၁၅ မိနစ်လောက် ထားပေးရပါမယ်။ လက်အပေါ်ပိုင်းထိမရောက်တဲ့သူတွေက ဝါဂွမ်းလေးနဲ့စွတ်ပြီး လိမ်းနိုင်ပါတယ်။

Coffee Scrub တိုက်ပါ


Coffee နဲ့ လက်အသားကို Scrub ပုံမှန်တိုက်ပေးတာကလည်း ဆဲလ်သေတွေကွာကျစေတာမို့ အသားပြန်ကြည်လာစေမှာပါနော်။ သိသာတဲ့ရလဒ်အတွက် တစ်ပတ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်လောက် သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar