မိုးရာသီမှာ မိုးရေစိုပြီး ဗောက်ထတာ၊ သန်းတွယ်တာတွေကြောင့် ဦးရေပြားယားယံတာတွေ ဖြစ်တတ်သလို ဘက်တီးရီးယားနဲ့ ပိုးမွှားတွေနဲ့ အညစ်အကြေးတွေကြောင့်လည်း ဦးရေပြားယားယံစေပါတယ်။ ဒီလို မိုးရာသီမှာဖြစ်လေ့ရှိတဲ့ ဦးရေပြားယားယံခြင်းကို သက်သာစေမယ့် သဘာဝနည်းလမ်း 5 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Tea tree oil

Tea tree oil က မှိုနဲ့ ဘတ်တီးရီးယားတွေ၊ ရောင်ရမ်းမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။ Tea tree oil ကို ခေါင်းလျှော်ရည်ထဲ ထည့်သုံးတာပဲဖြစ်ဖြစ်၊ အုန်းဆီလို အဆီတစ်မျိုးမျိုးနဲ့ ရောစပ်ပြီးလိမ်းတာပဲဖြစ်ဖြစ်၊ Tea tree oil ပါတဲ့ Hair mask တွေ သုံးတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းက ဦးရေပြားယားယံမှုတွေကို သိသိသာသာ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်ဂျယ်က ရောင်ရမ်းမှုတွေကို သက်သာစေပြီး ဦးရေပြားယားယံခြင်းကိုလည်း ချက်ချင်း သက်သာစေပါတယ်။ ရှားစောင်းလက်ပတ်ဂျယ်ကို ဦးရေပြားတိုက်ရိုက် ပွတ်လိမ်းပေးလို့လည်း ရသလို သံပယိုရည်၊ ပန်းသီးရှာလကာရည်၊ Tea tree oil တို့နဲ့ရောပြီးတော့လည်း Hair mask အဖြစ်နဲ့ သုံးနိုင်ပါတယ်။

သံပယိုရည်

သံပယိုသီးမှာပါဝင်တဲ့ သဘာဝအက်စစ်ဓာတ်က pH levels ကို ထိန်းညှိပေးနိုင်ပြီး အဆီပြန်ခြင်းကို လျှော့ချပေးပါတယ်။ ဦးရေပြားယားယံခြင်းနဲ့ ဗောက်ထခြင်းကိုလည်း ထိရောက်စွာ သက်သာစေပါတယ်။ သံပယိုရည်ကို ဦးရေပြားပေါ် တိုက်ရိုက်ပွတ်လိမ်းပေးလို့လည်း ရသလို ပျားရည်၊ အုန်းဆီတို့နဲ့ ရောပြီးတော့လည်း Hair mask အဖြစ်နဲ့ သုံးလို့ရပါတယ်။

တမာရွက်

တမာရွက်က ဦးရေပြားဗောက်ထခြင်းနဲ့ မှိုပြဿနာတွေ၊ ယားယံခြင်းတွေအတွက် အရမ်းကောင်းတဲ့ သဘာဝဆေးတစ်လက်ပါပဲ။ တမာရွက်ကို ရေနဲ့ပြုတ်ပြီး ပွက်ပွက်ဆူလာရင် အရည်ကို အအေးခံထားပါ။ အေးသွားပြီဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါ ခေါင်းကို လောင်းချလိုက်ပါ။ ပြီးရင် ရေနဲ့ပြန်လျှော်လိုက်ရုံပါပဲ။

Peppermint oil

2016 တုန်းက လေ့လာမှုတစ်ခုအရတော့ လူပေါင်း 50 လောက်က ယားယံတဲ့နေရာကို Peppermint oil
တစ်နေ့ နှစ်ကြိမ် လိမ်းပေးပြီး 2 ပတ်လောက်ကြာတဲ့အခါမှာတော့ ယားယံမှုလက္ခဏာတွေက သိသိသာသာကို လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ခေါင်းမလျှော်ခင်မှာ Peppermint oil ကို သံလွင်ဆီနဲ့ရော၊ ရေနည်းနည်းနဲ့ရောပြီး ဦးရေပြားကိုလိမ်းကာ နှိပ်နယ်ပေးရင်လည်း သက်သာစေပါတယ်။