မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံသားကို အပူနဲ့ မကြာခဏထိတွေ့တာ Chemical ပါတဲ့ ဆိုးဆေးတွေ သုံးရာကတစ်ဆင့် အစိုဓာတ်ဆုံးရှုံးပြီး ဆံပင်အဖျားနှစ်ခွထွက်လာတတ်ပါတယ်နော်။ ဆံသားနှစ်ခွဖြစ်တာကို သက်သာဖို့ အဖျား ပုံမှန်တိပေးတာမျိုးလုပ်နိုင်ပေမယ့် မထိရောက်သလိုခံစားရတယ်ဆိုရင် အခုတစ်ခေါက်ဖော်ပြပေးမယ့် သဘာဝနည်းတွေက သင့်အတွက်ထိရောက်မှာပါ။ ဒီတစ်ခေါက်မှာ ဆံပင်အဖျားနှစ်ခွဖြစ်တာကို ပြန်လည်သက်သာစေမယ့် သဘာဝထိန်းသိမ်းနည်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထောပတ်သီးနဲ့ သံလွင်ဆီ


အဖျားနှစ်ခွတွေကို သက်သာစေရုံမက ဆံပင်လေးအိပြီး သဘာဝအတိုင်းလှနေစေမယ့် နည်းလမ်းလေးဖြစ်ပါတယ်။ ထောပတ်သီးမှည့်တစ်လုံးကို တစ်ဝက်ယူပြီး သံလွင်ဆီ နှစ်ဇွန်းခန့်နဲ့ ရောမွှေပါ။ ဆံပင်ရှည်ပြီး ထူတဲ့သူဆိုရင် လိုအပ်တဲ့ ပမာဏနှစ်ဆထည့်ပေးနိုင်ပါတယ်။ အနှစ်ပုံစံရအောင် မွှေပြီးပြီဆိုရင် ခေါင်းလျှော်ပြီးတဲ့အခါ သူ့ကိုလိမ်းပြီး ပေါင်းတင်ပေးနိုင်ပါတယ်။ အဖျားနှစ်ခွဖြစ်တဲ့နေရာတွေကို အသားပေးပြီး ၅ မိနစ်မှ မိနစ် ၂၀ ကြားလိမ်းကာ Shower Cap နဲ့ အုပ်ထားပေးပါ။ ပြီးနောက် ပုံမှန်အတိုင်း Conditioner သုံးပြီး ပြောင်အောင် ရေဆေးချပေးရပါမယ်။

အုန်းဆီ


ဆံပင်သန်ဖို့ အုန်းဆီကို အသုံးများတာမို့ အဖျားနှစ်ခွဖြစ်တဲ့ ဆံသားအတွက်လည်း အုန်းဆီလိမ်းပေးတာ ထိရောက်ပါတယ်။ ဒါကြောင့်မို့ ခေါင်းလျှော်ပြီးနဲ့ မလျှော်ခင်အချိန်တွေမှာ အုန်းဆီလေးပုံမှန်လိမ်းပေးပါ။

Jojoba ဆီ


jojoba ဆီကတော့ အသားအရေအတွက်ရော ဆံသားအတွက်ပါ သုံးနိုင်တဲ့ဆီတစ်မျိုးပါ။ ဆံသားနှစ်ခွဖြစ်တဲ့ အဖျားလေးတွေမှာ Jojoba ဆီကိုလိမ်းပေးပြီး မိနစ် ၂၀ ခန့်ထားပေးပါ။ ညမအိပ်ခင်လိမ်းပြီး တစ်ညလုံးထားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

သင်္ဘောသီးနဲ့ ဒိန်ချဉ်


ဆံသားအမျိုးအစားမရွေး သုံးနိုင်ပြီး ဒီလွယ်ကူတဲ့ဆံသားပေါင်းတင်နည်းလေးကိုတာ့ အစိမပါတဲ့ သင်္ဘောသီးအနည်းငယ်ကို ထည့်ကြိတ်ကာ ဒိန်ချဉ် ခွက်တစ်ဝက်စာနဲ့ရောပြီး အနှစ်ရအောင် လုပ်ပေးရမှာပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံသားနှစ်ခွဖြစ်နေတဲ့နေရာတွေပေါ် နှံ့နေအောင်လိမ်းပေးရပါမယ်။ လိမ်းထားပြီး Shower Cap နဲ့ မိနစ် ၂၀ လောက် အုပ်ထားပေးပါ။ အချိန်ပြည့်တဲ့အခါ ရေနွေးလေးနဲ့ ပြန်လည်ဆေးချတာ သို့မဟုတ် ခေါင်းပြန်လျှော်ပေးတာမျိုး လုပ်နိုင်ပါတယ်။

သံလွင်ဆီ၊ နို့၊ သကြားနဲ့ ကြက်ဥအကာ


ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး ဆံသားမှာလိမ်းလို့ရတဲ့ အနေအထားရတဲ့အခါ ၁၅ မိနစ်လောက် ဆံပင်အဖျားလေးတွေပေါ် လိမ်းထားပေးပါ။ အချိန်ပြည့်ပြီဆိုရင် ခေါင်းပြန်လျှော်ပေးနိုင်ပါတယ်နော်။

Photo Source: Pinterest

By MyStyle Myanmar