အားလုံးပဲ မင်္ဂလာပါနော်။ အင်္ကျီလက်တိုလေးတွေဝတ်တိုင်း ဂျိုင်းကြောင့် ယုံကြည်မှုမရှိဖြစ်နေရတဲ့သူတွေရှိလား။ ဂျိုင်းဖြူဖို့အတွက် ငွေအကုန်အကျခံပြီး ကြိုးစားပေမယ့် ထင်သလောက်မသိသာလို့ အားမရဖြစ်နေတဲ့သူတွေအတွက် အကုန်အကျနည်းနည်းနဲ့ အိမ်မှာကိုယ်တိုင်လုပ်လို့ရတဲ့ သဘာဝနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဘေးထွက်ဆိုးကျိုးနည်းတဲ့အပြင် စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး ပုံမှန်လုပ်ပေးမယ်ဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းသိသာတဲ့ရလဒ်ကို ခံစားမိမှာပါ။ ဘယ်လိုနည်းလမ်းတွေဖြစ်မလဲ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

မုန့်ဖုတ်ဆိုဒါသုံးကြည့်ပါ


မုန့်ဖုတ်ဆိုဒါမှာ ချေးချွတ်ပေးနိုင်တဲ့အာနိသင်ပါတာမို့ ဂျိုင်းကြားက ညိုမဲစေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ရောပြီး အနှစ်ရအောင်ဖျော်ကာ သံပယိုရည်အနည်းငယ်ညှစ်ပြီး ဂျိုင်းမှာပွတ်လိမ်းပေးရုံပါပဲ။ ငါးမိနစ်လောက်ထားပြီး ရေနဲ့ပြန်ဆေးချနိုင်ပါတယ်။ အသားရောင်ညစ်နေတဲ့နေရာတွေကို သန့်စင်ပေးတာမို့ ဂျိုင်းအပြင် တံတောင်နဲ့ဒူးစတဲ့နေရာတွေအတွက်ပါ သုံးနိုင်ပါတယ်နော်။ ဒီနည်းကို သုံးပြီးတဲ့နောက် ဂျိုင်းအစိုဓာတ်ထိန်းတဲ့အနေနဲ့ Moisturizer တစ်မျိုးလိမ်းထားပေးပါ။

အုန်းဆီလိမ်းနိုင်ပါတယ်


အုန်းဆီနဲ့ ဂျိုင်းကိုနှိပ်နယ်ပြီး လိမ်းပေးတာကလည်း ညိုမဲခြင်းကို သက်သာစေပါတယ်နော်။ ငါးမိနစ်လောက် နှံနေအောင် လိမ်းပေးပြီး နောက်ထပ် ၁၅ မိနစ်ထားကာ ရေနွေးနွေးနဲ့ ပြန်ဆေးချပေးပါ။

သခွားသီးစိပ်နဲ့ပွတ်ပေးပါ


အသားအေးစေတဲ့ သခွားသီးကိုလည်း ဂျိုင်းသားဖြူအောင် လုပ်တဲ့နေရာမှာ သုံးလို့ရပါတယ်နော်။ သခွားသီးစိပ်အနည်းငယ်လှီးပြီး ညိုမဲနေတဲ့နေရာတွေမှာ နှစ်မိနစ်လောက် ပွတ်ပေးရုံပါပဲ။ ၁၀ မိနစ်လောက်ထားပြီး ရေဆေးချလိုက်ပါ။

နနွင်း Scrub သုံးနိုင်ပါတယ်


သဘာဝနနွင်းကလည်း ညိုမဲနေတဲ့နေရာတွေကို သန့်စင်ပေးနိုင်တာမို့ နနွင်းကို ရေနွေးနဲ့ Scrub အနှစ်ရအောင်ဖျော်ပြီး ဖြေးဖြေးချင်း ပွတ်ကာ ဂျိုင်းကြားမှာလိမ်းပေးပါ။ နှစ်မိနစ်မှ ငါးမိနစ်အထိ ထားပြီး ရေပြန်ဆေးချပေးရပါမယ်။

ရှားစောင်း Gel နဲ့ပွတ်ပေးပါ


အရောအနှောမရှိတဲ့ ရှားစောင်း Gel ကို ဂျိုင်းမှာပွတ်လိမ်းပြီး ၁၅ မိနစ်လောက်ထားကာ ရေနဲ့ဆေးချပေးပါ။ ဒီနည်းက ဆဲလ်သေတွေဖယ်ရှားပေးရုံမကဘဲ အစိုဓာတ်ပါဖြည့်ပေးနိုင်လို့ ဂျိုင်းကြားအရေပြားကို စိုပြည်လာစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar