အသားအရေရဲ့ ဆဲလ်သေတွေစုဝေးလာခြင်း၊ ပွတ်တိုက်မှုတွေဖြစ်ခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့ခြင်း၊ ဟော်မုန်းမညီမျှခြင်း စတဲ့ အကြောင်းအရင်း တွေက ဒူး၊ တံတောင်ညိုမည်းခြင်းတွေကို ဖြစ်စေပါတယ်။ ခန္ဓာကိုယ်ရှိ ဒီအစိတ်အပိုင်းတွေက အဆီဂလန်းလေးတွေ မပါဝင်တာကြောင့် ခြောက်သွေ့ခြင်းမရှိအောင်လို့ သေသေချာချာ ထိန်းသိမ်းဂရုစိုက်ကာ သန့်ရှင်းရေးမှန်မှန်လုပ်ပေးရမှာဖြစ်ပါတယ်။

အခန့်မသင့်လို့ဖြစ်ဖြစ် အချိန်ကြာမြင့်စွာ ဂရုမစိုက်မိဘဲ ပစ်ထားမိလို့ ကိုယ့်ရဲ့ဒူးနဲ့တံတောင်နဲ့က မည်းညစ်လာပြီဆိုရင်တော့ ပြန်လည်ဖြူဝင်းလာစေ ဖို့အတွက် အိမ်တွင်းနည်းလမ်းလေးတွေကို စတင်အသုံးပြုသင့်ပါပြီ။

၁. သခွားသီး

သခွားသီးမှာပါတဲ့ ဗီတာမင်အေ၊ စီတို့က အသားအရေကိုလှပစေပြီး ကြည်လင်လန်းဆန်းစေပါတယ်။

သခွားသီးကို အတန်ငယ်ထူထူလေးတွေလှီးပြီးတော့ တံတောင်နဲ့ဒူးမှာ ၁၅ မိနစ်လောက်လိုက်ပြီး ပွတ်ပေးပါ။ ၁၅ မိနစ်ပွတ်ပြီးတာနဲ့ ရေမဆေးသေးဘဲ ၅ မိနစ် ဒီအတိုင်းထားပေးပါ။ ပြီးမှသာလျှင် ရေအေးနဲ့ရေဆေးသန့်စင်ပေးပါ။

နောက်တစ်နည်းကတော့ သခွားသီးအရည်နဲ့ သံပုယိုရည်တို့ကို ဆတူညီရောစပ်ကာ ဒူး၊ တံတောင်နဲ့ ချိုင်းအောက်တို့ကို လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးနောက် ရေဆေးသန့်စင်ပေးနိုင်ပါတယ်။ ဒီနည်းလမ်းကို နေ့တိုင်းမှန်မှန်လုပ်ပေးလို့ရပါတယ်။

၂. လီမွန်နှင့် မုန့်ဖုတ်ဆိုဒါ

လီမွန်မှာက ဗီတာမင်စီပါဝင်တာကြောင့် အသားအရေအရောင်ကိုပြန်လည်တောက်ပလာစေနိုင်ပြီး မုန့်ဖုတ်ဆိုဒါကိုတော့ မည်းညစ်နေတဲ့ အသားအရေတစ်ဝိုက်ကို သန့်ရှင်းဖယ်ရှားရာမှာ အသုံးပြုနိုင်ပါတယ်။

လီမွန်တစ်လုံးကို နှစ်ခြမ်းခြမ်းလိုက်ပါ။ ခြမ်းထားတဲ့လီမွန်အပေါ်ကနေ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကိုဖြူးလိုက်ပြီးတော့ ဒူး၊ တံတောင်ပေါ်မှာ ၁ မိနစ်ပွတ်ပေးပါ။ လိမ်းထားတဲ့နေရာတွေကို ၁၅ မိနစ်အခြောက်ခံထားပြီး ရေနွေးနွေးနဲ့ဆေးကြောသန့်စင်ပါ။ ဒီနည်းလမ်းလေးကို ၂ ရက်လျှင် တစ်ကြိမ်ပြုလုပ်ပေးမယ်ဆိုပါက ရလဒ်ကောင်းတွေကို မြင်တွေ့လာရပါလိမ့်မယ်။

၃. ရှားစောင်းလက်ပတ်နှင့် နို့

မညီမညာဖြစ်နေတဲ့ အသားအရေတွေကို ပြန်လည်ကောင်းမွန်စေဖို့နဲ့ အစိုဓာတ်ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် ရှားစောင်းလက်ပတ်က ကူညီပေးနိုင်ပြီး နို့နဲ့ရောစပ်အသုံးပြုမယ်ဆိုပါက အသားအရေကို သဘာဝအတိုင်း ပိုပြီးတော့ကို ဖြူဝင်းလာစေမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်အနှစ်နှင့် နို့ကို ဆတူညီရောစပ်ပြီး အသားအရေမှာသုတ်လိမ်းပေးပါ။ တစ်ညလိမ်းအိပ်ပြီးတော့ မနက်ရောက်တဲ့အခါ ရေဆေး သန့်စင်ပါ။ ရှားစောင်းလက်ပတ်တစ်ခုကိုပဲ အသုံးပြုချင်တယ်ဆိုရင်တော့ ရှားစောင်းလက်ပတ်အနှစ်ကို ဒူးနဲ့တံတောင်မှာလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးနောက် ရေနွေးလေးနဲ့ဆေးကြောလိုက်ပါ။

၄. အာလူး

အာလူးကိုနေ့စဥ်အသုံးပြုမယ်ဆိုပါက အသားအရေကိုနူးညံ့စေမှာဖြစ်သလို မည်းညစ်နေတာတွေကိုလည်း ပျောက်ကင်းစေမှာဖြစ်ပါတယ်။

အာလူးကိုကြိတ်ခြေကာ အရည်ညှစ်ထုတ်လိုက်ပြီး အသားအရေမှာလိမ်းပေးပါ။ ၁၅ မိနစ်အခြောက်ထားပြီးနောက် ရေနဲ့ဆေးကြောသန့်စင်ပါ။ ပြီးရင်ခြောက်အောင်သုတ်၍ Moisturizer လိမ်းပေးပါ။ အာလူးကို အခြမ်းလေးတွေလှီးပြီးတော့ ဒူးနဲ့တံတောင်တို့ကို ၁၀ မိနစ် ၁၅ မိနစ်လောက်ပွတ်ပေးကာ ရေဆေးသန့်စင်တဲ့နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

၅. နနွင်း

အသားအရေပေါ်က ဆဲလ်သေတွေ၊ အညစ်အကြေးတွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲနဲ့ ဖယ်ရှားသန့်စင်ချင်တဲ့အခါ နနွင်းက အကောင်းဆုံး နည်းလမ်းတစ်ခုပါ။

နနွင်းမှုန့်နည်းနည်းကို နို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောစပ်ပြိး ဒူးနဲ့တံတောင်မှာလိမ်းပေးပါ။ မိနစ်အနည်းငယ်လောက် နှိပ်နယ်ပြီးရင် သဘာဝအတိုင်း ခြောက်အောင်ထားပါ။ လုံးလုံးခြောက်သွားပြီဆိုပါက ရေနွေးလေးနဲ့သန့်စင်နိုင်ပါတယ်။ ပိုကောင်းတဲ့ရလဒ်တွေကို ရရှိချင်တယ်ဆိုရင်တော့ ပျားရည် နည်းနည်းထည့်ပြီး အသုံးပြုနိုင်ပါတယ်။

Source: BrightSide