ဗောက်တွေကြောင့် ခေါင်းခဏခဏယားတဲ့ပြဿနာနဲ့ ကြုံတွေ့နေရပြီလား။ ဦးရေပြားဗောက်ထတာက ကြည့်ရဆိုးသလို ခေါင်းလျှော်ပြီးခဏနဲ့ ယားယံပြီး အနံ့ဆိုးထွက်တတ်တာမို့ စိတ်ရှုပ်စရာပါပဲ။ ဆောင်းတွင်းမှာဆို ပိုဆိုးပါတယ်နော်။ ဆောင်းတွင်းလေထုက အသားအရေနဲ့ ဆံသားကို ခြောက်သွေ့စေတာမို့ ဗောက်ထဖို့လည်း ပိုလွယ်ပါတယ်။ ဒီလိုဗောက်ထတဲ့ပြဿနာကို သက်သာဖို့ ကူညီပေးမယ့်နည်းတွေကို မျှဝေပေးပါရစေ။ သဘာဝနည်းတွေဖြစ်တာမို့ လုပ်ရလွယ်ပြီး ဘေးထွက်ဆိုးကျိုးလည်းနည်းစေမှာပါ။

၁။ အုန်းဆီနဲ့ သံပယိုရည်


သံပယိုရည်က ဦးရေပြားကို အတွင်းပိုင်းအထိ သန့််စင်ပေးနိုင်ပြီး အုန်းဆီကတော့ ဆံသားနဲ့ဦးရေပြားကို အစိုဓာတ်ပြန်ဖြည့်တဲ့နေရာမှာ အရမ်းအသုံးဝင်ပါတယ်။ သူတို့နှစ်မျိုးကို ပေါင်းပြီးတော့ ဗောက်ပျောက်ဖို့အတွက် သုံးနိုင်ပါတယ်နော်။ သုံးရမယ့်နည်းက အုန်းဆီနဲ့ သံပယိုရည်ကို နှစ်ဇွန်းစီ ဆတူရောပြီး ဦးရေပြားပေါ် လက်ချောင်းတွေနဲ့ နှိပ်နယ်ပြီးလိမ်းပေးရမှာပါ။ မိနစ် ၂၀ လောက်ထားပြီး ခေါင်းပြန်လျှော်နိုင်ပါတယ်။

၂။ Almond ဆီနဲ့ Tea Tree ဆီ


Tea Tree အဆီမှာ ဦးရေပြားပေါ်က ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတာမို့ ဗောက်မထအောင် ကာကွယ်ပေးမှာပါ။ Almond ဆီကလည်း ဦးရေပြားပေါ် ဗောက်ဖြစ်စေတဲ့ မှိုနဲ့ Chemical တွေဖယ်ရှားပေးနိုင်တာမို့ ဒီအဆီနှစ်မျိုးကို ပေါင်းပြီး ဗောက်တွေကိုဖယ်ရှားကြည့်ပါ။ Tea Tree အဆီ နှစ်စက်နဲ့ အတူ Almond ဆီ 50ml ခန့်နဲ့ရောပြီး ဦးရေပြားပေါ် နှိပ်နယ်ပြီးလိမ်းပေးရုံပါပဲ။ သူ့ကိုလဲ နာရီဝက်လောက်ထားပြီး ပုံမှန်အတိုင်းခေါင်းပြန်လျှော်ချနိုင်ပါတယ်။

၃။ ရှားစောင်းလက်ပတ်နဲ့ တမာရွက်


ရှားစောင်း Gel နှစ်ဇွန်းခန့်နဲ့ တမာရွက်ခပ်နုနု ၁၀ ရွက်လောက်ကို ရောကြိတ်ပြီး ဦးရေပြားနဲ့ ဆံသားမှာလိမ်းပေးပြီးတော့လည်း ဗောက်တွေ ဖယ်ရှားလို့ရပါတယ်နော်။ မိနစ် ၃၀ ထားပြီး ဗောက်ပျောက်ခေါင်းလျှော်ရည်လေးနဲ့ ပြန်လျှော်ပေးရင်ပိုကောင်းပါတယ်။ ပါဝင်ပစ္စည်းနှစ်မျိုးလုံးမှာ ဘက်တီးရီးယားသေစေတဲ့ ဆေးဖက်ဝင်အာနိသင်တွေပါဝင်သလို ရှားစောင်းက သုံးပြီးတဲ့နောက် ဦးရေပြားကို အေးမြစေမှာပါ။

၄။ ပန်းသီးရှာလကာရည်

Photo Source: healthshots

ပန်းသီးရှာလာကာရည် အနည်းငယ်ယူပြီး ဦးရေပြားမှာနှိပ်နယ်ပေးတာကလည်း ဗောက်ထတာကို သက်သာစေပါတယ်။ အနံ့မဆွဲစေဖို့ သုံးပြီးတဲ့နောက် ခေါင်းလျှော်ရည်နဲ့သေချာစင်အောင် လျှော်ပေးနိုင်ပါတယ်။

၅။ ဌက်ပျောသီး၊ သံပယိုရည်နဲ့ ပျားရည်


ဌက်ပျောသီး၊ သံပယိုရည်နဲ့ ပျားရည်တို့ကိုသုံးပြီး ဆံသားနဲ့ဦးရေပြားကို ပေါင်းတင်ပေးပါ။ ဒီသုံးမျိုးက ဆံသားကို အစိုဓာတ်ဖြည့်ပြီး ဦးရေပြားကိုသန့်စင်ပေးနိုင်တာမို့ ဗောက်မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ ဌက်ပျောသီးတစ်လုံး၊ သံပယိုရည်အနည်းငယ်နဲ့ ပျားရည်တစ်ဇွန်းတို့ကို သမအောင် မွှေပြီး ဆံသားအနှံ့လိမ်းပေးရုံပါပဲနော်။ နာရီဝက်ထားပြီး ရေပြန်ဆေးချနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar