မင်္ဂလာပါနော်။ သင့်ဆံသားက အရှည်နှေးတာမို့ ဆံပင်တစ်ခါညှပ်ဖို့ဆို ဆုံးဖြတ်ရခက်နေတတ်တဲ့သူလား။ ဆံပင်အရှည်မြန်ဖို့ဆိုရင် ခေါင်းလျှော်ရည်ကောင်းကောင်းသုံးတာအပြင် အပူနဲ့ပုံသွင်းတဲ့စက်တွေ အတတ်နိုင်ဆုံး ရှောင်တာ၊ ဦးရေပြားကျန်းမာရေးကို ဂရုစိုက်တာ၊ ဆံသားအတွက် ဖြည့်စွက်စာတွေ စားသုံးတာမျိုးပါ လုပ်ပေးဖို့လိုပါတယ်။ ဒါ့အပြင် သဘာဝအတိုင်းအရှည်မြန်ချင်သူတွေအနေနဲ့ ကိုယ်တိုင်လုပ်နိုင်တဲ့ ထိရောက်တဲ့ အိမ်တွင်းပေါင်းတင်နည်းတွေကိုပါ သိထားတာ မမှားပါဘူး။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆံပင်အရှည်မြန်လိုသူတိုင်း စမ်းကြည့်သင့်တဲ့ အိမ်တွင်းဆံသားထိန်းသိမ်းနည်းတွေကို ဖော်ပြပေးသွားလိုက်ပါတယ်။

ဦးရေပြားကို ဆီလိမ်းပြီး နှိပ်နယ်ပါ


ဦးရေပြားသန့်စင်ပြီး သွေးလည်ပတ်မှုကောင်းနေမှ ဆံပင်အရင်းတွေသန်ပြီး အရှည်မြန်စေမှာပါ။ Essential Oil တွေဖြစ်တဲ့ အုန်းဆီ၊ ဗာဒံဆီ စတာတွေသုံးပြီး ဦးရေပြားထဲစိမ့်ဝင်တဲ့အထိ ခေါင်းမလျှော်ခင်အချိန်တွေမှာ မိနစ်ပိုင်းလောက် ဖြေးဖြေးချင်း နှိပ်နယ်ပေးတဲ့အကျင့်လုပ်ထားသင့်ပါတယ်။

ကြက်သွန်နီရည်နဲ့ ဆံသားအရင်းတွေလိမ်းပေးပါ


ဆံပင်သန်ဖို့အတွက် ကြက်သွန်နီကအရမ်းအသုံးဝင်ပါတယ်။ သူ့ရဲ့ဓာတ်က ဆံပင်ပါးတာ၊ ကျွတ်တာတွေကို သက်သာစေတာမို့ ဒီနည်းအတွက် ကြက်သွန်နီအနည်းငယ်ကြိတ်ပြီး အရည်ညစ်ကာ ရလာတဲ့အရည်ကို ဝါဂွမ်းနဲ့ယူပြီး ဦးရေပြားနဲ့ ဆံသားအရင်းတွေအပေါ် စိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အနံ့မထွက်ရအောင် လိမ်းပြီး ခေါင်းလျှော်ချတာ (သို့) ခေါင်းလျှော်ခါနီးမှ လိမ်းတာမျိုး လုပ်သင့်ပါတယ်။

ရှားစောင်းလက်ပတ် လိမ်းပါ


ဆံသားပြဿနာအမျိုးမျိုးအတွက် ရှားစောင်းလက်ပတ် Gel ကိုသုံးနိုင်ပါတယ်နော်။ သူက မွှေးညှင်းပေါက်တွေကို အားဖြည့်ပေးပြီး ဦးရေပြားပေါ်က ဆဲလ်သေတွေဖယ်ရှားပေးတာမို့ ဆံသားအရင်းတွေ အစိုဓာတ်ရပြီး ဆံပင်ရှည်မြန်စေမှာပါ။ ရှားစောင်း Gel ကို ဦးရေပြားအနှံ့ မိနစ် ၃၀ ခန့်လိမ်းထားပြီး ရေနဲ့ပြန်ခေါင်းလျှော်လိုက်ရုံပါပဲ။

ရှာလကာရည်သုံးနိုင်ပါတယ်


ရှာလကာရည်က ဦးရေပြားရဲ့ pH ပမာဏကို ထိန်းညှိပေးပြီး သန့်စင်စေတာကြောင့် ဗောက်ထတာ၊ ဆံပင်ကျွတ်တာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးရှာလကာရည်သုံးပြီး ဦးရေပြားမှာ နှိပ်နယ်ပြီးလိမ်းပေးပါ။ အနံ့မစွဲအောင် သုံးပြီးတဲ့နောက် ခေါင်းလျှော်ရည်နဲ့စင်အောင် လျှော်ချပေးပါ။

Coffee နဲ့ပေါင်းတင်ပါ


ကဖင်းဓာတ်က ဦးရေပြားသွေးလည်ပတ်မှုကောင်းပြီး ဆံပင်အရှည်မြန်စေတဲ့အပြင် ဆံပင်ဖြူတာကိုပါ သက်သာစေပါတယ်။ Coffee မှုန့်နဲ့ ပျားရည်အနည်းငယ်ကိုရောကာ ခေါင်းမှာ မိနစ် ၃၀ ခန့််လိမ်းထားပြီး သဘာဝအတိုင်းပေါင်းတင်ထားတာမျိုး ပြုလုပ်နိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar