ပျိုမေတို့အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ရဲ့ မျက်နှာပေါ်က အဆီ၊ မိတ်ကပ်နဲ့ ပတ်ဝန်းကျင်လေဒဏ်၊ နေပူဒဏ်တွေကြောင့်ဖြစ်တဲ့ ဖုန်၊အညစ်အကြေးတွေသန့်စင်စေဖို့ မျက်နှာကို ပုံမှန်ချွေးချွတ်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ မျက်နှာအသားအရေကို သေချာမသန့်စင်တဲ့အခါ ဘက်တီးရီးယားကြောင့် ချွေးပေါက်ပိတ်တာ၊ ဝက်ခြံထွက်တာတွေမကြာခဏဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ အကုန်အကျသက်သာပြီး သင့်မျက်နှာအသားအရေကို အကောင်းဆုံးချေးချွတ်သန့်စင်ပေးနိုင်မယ့် ကိုယ်တိုင်အလွယ်တကူပြုလုပ်လို့ရတဲ့ သဘာ၀ Scrub ပြုလုပ်နည်းအချို့ကိုမျှဝေပေးလိုက်ပါတယ်။

၁။ ခရမ်းချဉ်သီးနဲ့ သခွားသီး


သခွားသီးခပ်သေးသေးတစ်လုံးနဲ့ ခရမ်းချဉ်သီးတစ်လုံးတို့ကိုရောကြိတ်ပါ။ ကြိတ်ပြီးသားအနှစ်ကို မျက်နှာ၊လည်ပင်းတို့မှာ Cotton pad အသုံးပြုပြီး ဖြေးဖြေးချင်းပွတ်သုတ်ပေးရပါမယ်။ အသားထဲစိမ့်ဝင်အောင် ၅ မိနစ်ခန့်လိမ်းထားပြီးနောက် ရေနွေးနွေးနဲ့ပြန်လည်ဆေးချပေးပါ။ သခွားသီးနဲ့ ခရမ်းချဉ်သီးမှာပါဝင်တဲ့ Antioxidant တွေက အသားအရေကျန်းမာစေပြီး မလိုအပ်တဲ့အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၂။ ပျားရည်၊ သံပရိုရည်နဲ့ ဗာဒံစေ့


ပျားရည်က အရေပြားပေါ်က မလိုအပ်တဲ့အဆီဓာတ်တွေဖယ်ရှားပေးပြီး အစိုဓာတ်ဖြည့်ပေးနိုင်တာကြောင့် Oily Skin ရှိသူတွေနဲ့ အဆင်ပြေပါတယ်။ ဗာဒံစေ့မှာ အစိုဓာတ်ပြည့်ဝစေတဲ့ Vitamin E ပါဝင်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်တွေပါဝင်နေပါတယ်။ ဒါကြောင့် ပျားရည် တစ်ဇွန်း၊ အမှုန့်ကြိတ်ထားတဲ့ ဗာဒံစေ့နှစ်ဇွန်းခန့်နဲ့ သံပရိုရည်တစ်ဇွန်းခန့်ကိုရောပြီး ရလာတဲ့အရည်ကို မျက်နှာပေါ် စက်ဝိုင်းပုံ ဖြည်းဖြည်းချင်း နှိပ်နယ်ပြီးလိမ်းထားနိုင်ပါတယ်။ မိနစ်အနည်းငယ်ထားပြီးနောက် ရေနွေးနွေးနဲ့ဆေးချပေးပါ။

၃။ စပျစ်သီးနဲ့ ကြက်ဥ


ဒီနည်းလမ်းကတော့ ကြက်ဥတစ်လုံးနဲ့ စပျစ်သီး ၇လုံးခန့်ကို ကြေညက်နေအောင် ရောကြိတ်ပေးရမှာပါ။ ရလာတဲ့အနှစ်ကို မျက်နှာနဲ့လည်ပင်းတွေမှာလိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်ခန့်ထားပြီးနောက် ရေနဲ့သန့်စင်ပေးပါ။ စပျစ်သီးက Vitamin C ကြွယ်ဝပြီး Collagen ဓာတ်ဖြည့်ပေးနိုင်တဲ့အပြင် သူ့မှာအရေပြားနေလောင်ခြင်းကို ကာကွယ်ပေးနိုင်တဲ့အာနိသင်တွေလည်းပါဝင်နေပါတယ်။

၄။ ကီဝီသီး Scrub


အခွံခွာပြီးကြိတ်ထားတဲ့ကီဝီသီးတစ်လုံးကို သကြား နှစ်ဇွန်း၊ သံလွင်ဆီအစက်အနည်းငယ်ချပြီး သမအောင်မွှေပေးပါ။ ရလာတဲ့အရည်ကို မျက်နှာပေါ်ဖြည်းဖြည်းချင်းဝိုက်ပြီးပွတ်လိမ်းပေးရပါမယ်။ ၃ မိနစ်မှ ၅ မိနစ်အထိ နှံ့အောင်လိမ်းပြီးတဲ့နောက် ရေပြန်ဆေးချပေးပါ။ ကီဝီသီးမှာပါဝင်တဲ့ Vitamin A , C စတဲ့ Antioxidant တွေက အသားအရေတင်းရင်းလာစေဖို့ကူညီပေးနိုင်ပါတယ်။

၅။ Coffee နဲ့ သကြားအညို


ကော်ဖီမှုန့် တစ်ဇွန်း၊ သကြားအညို တစ်ဇွန်းတို့ကိုသမအောင်မွှေပြီး ဗာဒံဆီ (သို့) သံလွင်ဆီ တစ်ဇွန်းခန့်ထည့်ပေးပါ။ ရလာတဲ့အရည်ကို မျက်နှာနဲ့လည်ပင်းမှာ လိမ်းပေးနိုင်ပါတယ်။ ၁၀ မိနစ်ခန့်လိမ်းထားပြီးနောက် ရေဆေးချပေးပါ။ ဒီ Scrub က အသားအရေကို ထိထိရောက်ရောက် ချေးချွတ်ပေးနိုင်ပြီး အရေပြားသွေးလည်ပတ်မှုလည်းကောင်းစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar