လူတစ်ယောက်ချင်းစီမှာ မနက်မိုးလင်းတဲ့အခါ ပြုလုပ်လေ့ရှိကြတဲ့ အမူအကျင့်များက တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ အချို့ကလည်း နိုးနိုးချင်းမှာ ရေ တစ်ဖန်ခွက်ခန့် အဝသောက်ကြလေ့ရှိသလို အချို့ကလည်း တန်းပြီး မျက်နှာသစ်၊ သွားတိုက်လေ့ရှိပါတယ်။

သင့်အနေနဲ့ ကျန်းမာရေးအတွက် ထိရောက်မှုရှိပြီး အကျိုးအာနိသင်ထူးခြားတဲ့ အမူအကျင့်မျိုးကို ပြုလုပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့် (၅) မျိုးကို ပြုလုပ်နိုင်ပါတယ်။

နားရွက်များကို နှိပ်နယ်ပေးပါ

နားရွက်များကို နှိပ်နယ်ပေးခြင်းက သင့်ကို မျက်စိကျယ်လာအောင် ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့ အိပ်ရေးမဝသေးပေမယ့် မဖြစ်မနေ ထရတော့မယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ နားရွက်များ နှိပ်နယ်ပေးခြင်းအားဖြင့် တက်ကြွလန်းဆန်းလာပါလိမ့်မယ်။

ရေနွေးနွေးလေးထဲသို့ သံပုယိုရည် ဖျော်သောက်ပါ

ထိုကဲ့သို့ သောက်သုံးခြင်းအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေပြီး ကျောက်ကပ်နှင့် အူလမ်းကြောင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးကာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

ထိုကဲ့သို့ ဖျော်တဲ့အခါ သံပုယိုသီးတစ်ခြမ်းလုံးကို အရည်ညှစ်ထည့်စရာ မလိုပါဘူး။ သံပုယိုသီး လေးပုံတစ်ပုံခန့်ကိုသာ အရည်ညှစ်ထည့်ပေးလိုက်ရင် လုံလောက်ပါပြီ။ သံပုယိုရည်နွေးနွေးလေး သောက်ပြီးသွားတဲ့အခါမှာလည်း မိနစ် ၂၀၊ မိနစ် ၃၀ ခန့်ကြာမှ မနက်စာ စားသင့်ပါတယ်။ ဒါမှ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့လျှာကို သန့်ရှင်းရေး လုပ်ပါ

သွားကျန်းမာရေးအတွက် တစ်နေ့ကို နှစ်ကြိမ်ခန့် ပုံမှန်သွားတိုက်ပေးရမယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ လျှာပေါ်မှာ ဘက်တီးရီးယားများ စုပုံနေတဲ့အတွက်ကြောင့် ခံတွင်းနံ့ ဆိုးခြင်း၊ သွားဖုံးနာခြင်း၊ သွားပိုးစားခြင်း၊ သွားချေးတက်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

ဒါ့ကြောင့် သွားတိုက်တဲ့အခါမှာလည်း လျှာကို သွားပွတ်တံနဲ့ ပွတ်တိုက်ကာ သန့်ရှင်းရေး ပြုလုပ်ဖို့ မမေ့ပါနဲ့။

ပျားရည် တစ်ဇွန်း စားပါ

ပျားရည်ထဲမှာ စွမ်းအင်များနဲ့ ပြည့်နှက်နေပြီး မှတ်ဉာဏ်စွမ်းအင်ကို တိုးမြှင့်စေကာ ချောင်းဆိုးခြင်း၊ အသားအရေယားယံခြင်းတို့ကို သက်သာစေပါတယ်။

မနက်စာ မစားခင် ၁၀ မိနစ်၊ ၁၅ မိနစ်အလိုခန့်မှာ ပျားရည်တစ်ဇွန်း စားခြင်းကြောင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေမှာဖြစ်ပြီး ပင်ပန်းနွမ်းနယ်ခြင်းမှလည်း ကင်းဝေးနိုင်ပါတယ်။

Hydrogen Peroxide ပျော်ရည်ဖြင့် ပလုပ်ကျင်းပါ

သွားတိုက်ပြီးသွားပြီဆိုတာနဲ့ Hydrogen Peroxide ပျော်ရည်ဖြင့် ပလုပ်ကျင်းပေးခြင်းအားဖြင့် သွားများ ဖြူဖွေးနေမှာဖြစ်ပြီး ခံတွင်းအနံ့အသက်ဆိုးမှ ကာကွယ်ပေးကာ သွားဖုံးများကိုလည်း သန်မာစေပါတယ်။

Source: Brightside.me