ခေါင်းလျှော်တဲ့အခါမှာ တော်တော်များများ သတိမထားမိပဲ ပြုလုပ်မိလေ့ရှိတဲ့ အမှား ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါမှ ဆင်ခြင်လို့ရမှာပါ။ ခေါင်းလျှော်တဲ့အခါမှာ အမှားလုပ်မိရင် ကိုယ့်ဆံသားပဲထိခိုက်ပြီး ပျက်စီးတာ၊ ဆံပင်ကျွတ်တာတွေ ဖြစ်လာမှာပါ။ ဒါကြောင့် သေချာထိန်းသိမ်းပြီး ဂရုစိုက်ဖို့ လိုပါတယ်။

ခဏခဏခေါင်းလျှော်ခြင်း

ဆံပင်အဆီနည်းနည်းပြန်တာနဲ့ ခေါင်းလျှော်တာက ဆံသားပိုအဆီပြန်ပြီး ပျက်စီးစေတယ်၊ ဆံပင်ကျွတ်စေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် ခေါင်းလျှော်ပေးရင် လုံလောက်နေပါပြီ။ အညစ်အကြေးလည်း ပြောင်ပါတယ်။ အဲ့ထက်ပိုပြီး ခဏခဏလျှော်နေရင်တော့ ဆံသားနဲ့ဦးရေပြား ထိခိုက်လာမှာပါ။

ဦးရေပြားကိုလက်သည်းနဲ့ကုတ်ခြင်း

ခေါင်းလျှော်ရင် ဂျီးပြောင်အောင်ဆိုပြီး ဦးရေပြားကို လက်သည်းနဲ့ကုတ်တာက ပြင်းပြင်းထန်ထန် ကုတ်မိရင် ပွန်းပဲ့တာဖြစ်စေနိုင်ပြီး ဦးရေပြားပိုးဝင်စေနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ပြီး မွှေးညင်းပေါက်လေးတွေ အားနည်းတာမျိုးလည်း ဖြစ်စေပါတယ်။ လက်ထိပ်လေးတွေနဲ့ ညှင်သာစွာ နှိပ်ပေးရမှာပါ။ အားနဲ့ကုတ်တာမျိုးတွေ မလုပ်ရပါဘူး။

ရေနွေးနဲ့လျှော်ခြင်း

ခေါင်းလျှော်တဲ့အခါမှာ ရေနွေးနဲ့လျှော်တာက ဆံသားခြောက်သွေ့ပျက်စီးပြီး ဆံပင်ကျွတ်စေပါတယ်။ ဆံသားအတွက် ရှိသင့်တဲ့အဆီဓာတ်တွေ ဆုံးရှုံးစေပါတယ်။ အေးလို့ ရေနွေးနဲ့လျှော်ချင်တယ်ဆိုရင်တောင်မှ ရေကြက်သီးနွေးနဲ့ပဲ လျှော်ပေးပါ။

Conditioner ကို ဦးရေပြားအထိသုံးခြင်း

ဦးရေပြားကို Conditioner သုံးပေးရင် ဆံသားအမြစ်တွေကို ပိုအဆီပြန်စေပါတယ်။ ဒါ့အပြင် ဆံပင်မွေးညင်းပေါက်များကို ပိတ်ဆို့စေပြီး ဆံပင်သန်စွမ်းမှုကို နှေးကွေးစေတယ်၊ အဆီထုတ်လုပ်မှုကို ပိုတိုးစေပါသည်။ ခေါင်းလျှော်ပြီးလည်း ဆံပင်က စေးကပ်သလိုမျိုး၊ အဆီပြန်သလိုမျိုး ဖြစ်နေမှာပါ။

ဆံပင်ရေစိုနေချိန်ခေါင်းဖြီးခြင်း

ခေါင်းလျှော်ပြီး ဆံပင်မခြောက်သေးပဲ စိုနေတဲ့အချိန်မှာ ဆံပင်ရှင်းမယ်ဆိုပြီး ခေါင်းဖြီးလေ့ရှိကြပါတယ်။ ဒီလို ဆံပင်ရေစိုနေချိန် ခေါင်းဖြီးတာက ဆံသားနဲ့ဦးရေပြား နာကျင်စေပြီး ဆံပင်လည်း ပုံမှန်ထက်ပိုပြီး ကျွတ်ပါလာစေပါတယ်။ ဒါကြောင့် အရင်ဆံပင်ခြောက်အောင်လုပ်ပြီးမှသာ ဖြေးဖြေးချင်းစီ ဆံပင်ကိုရှင်းပေးပါ။ ဖြီးပေးပါ။