မင်္ဂလာပါနော်။ သင်က မျက်နှာကျဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးတွေ ပိုင်ဆိုင်ထားတယ်ဆိုရင် ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ ဒီတစ်ခေါက်မှာ မျက်နှာဝိုင်းတဲ့ ပျိုမေတို့အတွက် မိတ်ကပ်လိမ်းတဲ့အခါ အသုံးတည့်စေမယ့် လိမ်းနည်း Tips လေးတွေကို မျှဝေပေးသွားမှာပါ။ ကိုယ့်မျက်နှာကျနဲ့လိုက်တဲ့ မိတ်ကပ်လိမ်းခြယ်မှုပုံစံကို သိထားတာက ကိုယ်သုံးသင့်တဲ့ မိတ်ကပ်ပမာဏကိုလည်း သေချာသိစေသလို ပုံမှန်ထက် မျက်နှာကျလေးပိုပေါ်ပြီး ကြည့်ကောင်းစေမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်လိုက်ရအောင်နော်-

Contour လုပ်ပေးပါ


Contour လုပ်ပြီး မေးရိုးဖော်ပေးတာက မျက်နှာဝိုင်းတာအရမ်းမသိသာဘဲ ပိုသွယ်သွားသလိုမြင်ရပါတယ်။ နဖူးထောင့်နှစ်ဖက်ကနေ ပါးစောင်နဲ့ မေးရိုးအစပ်နားအထိ ဆွဲချပြီး Contour ကောင်းကောင်းလုပ်ပေးပါ။

ပါးနီကို ပါးမို့ထောင့်နားမှာလိမ်းပါ


သင်က မျက်နှာဝိုင်းပြီး ပါးဖောင်းနေတာမျိုးကို မကြိုက်ဘူးဆိုရင် ပါးနီကို ပါးမို့တည့်တည့်မှာ ဆိုးတာမျိုးကို ရှောင်ပေးပါနော်။ ပါးစောင်နဲ့ နဖူးအစပ်နားမှာ ခပ်မြင့်မြင့်လေးခြယ်ပေးတာက မျက်နှာအချိုးအစားလေး ပိုသွယ်ပြီး မျက်နှာကျပိုပေါ်သွားသလို မြင်ရစေပါတယ်။

မျက်ခုံးအတွက် အညိုရောင်လေးသုံးပါ


မျက်နှာဝိုင်းသူတွေက မျက်ခုံးမွှေးကို မဲပြီးထင်းနေတာမျိုးထက် အညိုဘက်သွားတဲ့ ခပ်ပြေပြေလေးတွေနဲ့ ပိုလိုက်ပါတယ်နော်။ မျက်ခုံးဆိုးတဲ့အခါ အမဲရောင်ထက် အညိုရောင် ဒါမှမဟုတ် ဆံပင်ဆိုးထားတဲ့သူတွေမှာ ကိုယ့်ဆံပင်အရောင်နဲ့တူတဲ့ ကာလာမျိုးကို ရွေးဆိုးတာမျိုး လုပ်သင့်ပါတယ်။ ဆိုးတဲ့အခါ မျက်ခုံး Shape ကို ဘေးဘက်ခပ်ချွန်ချွန်လေးဆွဲပေးပါ။

မရမ်းဇီးရောင်ဘက်သမ်းတဲ့ နှုတ်ခမ်းနီအရောင်ရင့်တွေသုံးပေးပါ

များသောအားဖြင့် မျက်နှာဝိုင်းတဲ့သူတွေက မျက်နှာအစိတ်အပိုင်းတွေ သေးတတ်တာမို့ နှုတ်ခမ်းနီဆိုးတဲ့အခါ ထင်းနေအောင် အရောင်ရင့်လေးတွေ ပိုသုံးသင့်ပါတယ်။ အရောင်ရင့်ကိုမှ မိန်းကလေးတော်တော်များများနဲ့ လိုက်ဖက်ပြီး လူကြိုက်များတဲ့ ပန်းခရမ်းရောင်၊ မရမ်းဇီးရောင် စတာတွေ ဆိုးကြည့်ပါ။

Eyeshadow အရောင်ရင့်လေးသုံးပေးပါ


Eyeshadow အတွက်လည်း နီညို၊ လိမ္မော်နီ၊ အညိုစတဲ့ အရောင်ရင့်လေးတွေက မျက်နှာဝိုင်းဝိုင်းပိုင်ရှင်တွေနဲ့ ပိုလိုက်ဖက်ပါတယ်။ ခပ်ထင်းထင်းလေးမြင်ရတာမို့ ညို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar