Relationship တစ်ခုကို အချိန်ကြာကြာတည်ဆောက်နိုင်ဖို့ဆိုတာက ချစ်နေရုံနဲ့တင်မရပါဘူး။ ချစ်နေရက်နဲ့ ကွဲသွားကြတဲ့ စုံတွဲတွေအများကြီးရှိပါတယ်။ နှစ်ယောက်လုံးက Relationship တစ်ခုမှာရှိသင့်တဲ့ အချက်တွေရှိပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်နေမှသာ ရေရှည်လက်တွဲနိုင်မှာပါ။ ဒီလို Relationship တစ်ခုကို အချိန်ကြာကြာ တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် အဓိကလိုအပ်တဲ့အချက် ၅ ချက်ပဲ ရှိပါတယ်။

သစ္စာရှိပါ

အရေးအကြီးဆုံးအချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိဖို့ပါပဲ။ မိန်းကလေးကိစ္စ၊ ယောင်္ကျားလေးကိစ္စနဲ့ ပတ်သက်ပြီး ကင်းရှင်းနေတာမျိုး၊ မပတ်သက်တာမျိုး နေပေးပြီး ကိုယ့်ချစ်သူအပေါ်မှာ သစ္စာရှိသင့်ပါတယ်။

နားလည်မှုရှိပါ

နောက်ထပ် အရေးအကြီးဆုံးအချက်ကတော့ နားလည်မှုရှိဖို့ပါပဲ။ နားလည်မှုမရှိရင် ဘယ်လောက်ချစ်တဲ့စုံတွဲဖြစ်နေပါစေ ပြဿနာတက်ပြီး ပြတ်ကြတာပါပဲ။ အသေးအမွှားလေးကအစ နားလည်မှုမရှိပဲ လိုက်ပြောပြီး ပြဿနာရှာတာမျိုးတွေ၊ ချုပ်ချယ်တာမျိုးတွေ မလုပ်ပဲနဲ့ နားလည်မှုထားပေးပြီး တစ်ဖက်ကလည်း နားလည်ပေးထားတာ၊ ယုံကြည်ပေးထားတာကို အခွင့်ကောင်းယူတာမျိုးမလုပ်ပဲ ရိုးသားပေးရင် အရာရာအဆင်ပြေနေမှာပါ။

တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးပါ

တွဲတဲ့အချိန် ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပါ။ မတွေ့နိုင်တဲ့ရက်တွေမှာတောင် အမြဲဖုန်းပြောနေတာမျိုး၊ အမြဲစာပို့နေတာမျိုးတွေ လုပ်ပေးပါ။ ခရီးသွားတာမျိုးတွေ လုပ်ပေးပါ။ ဒါမှလည်း တစ်ယောက်နဲ့တစ်ယောက် တစ်နေ့ထက်တစ်နေ့ သံယောဇဉ်ပိုတိုးလာမှာပါ။

အမြဲဂရုစိုက်ပြီးကြင်နာပါ

တစ်ယောက်နဲ့တစ်ယောက် အမြဲဂရုစိုက်ပြီး ကြင်နာပေးပါ။ တွဲတာဘယ်လောက်ကြာကြာ အမြဲတမ်းချစ်ခင်ကြင်နာပြီး အသေးအမွှားလေးကအစ ဂရုစိုက်ပေးရင် ဘယ်သူမဆို ကျေနပ်ပြီးပျော်ရွှင်ကြတာပါပဲ။ နှစ်ယောက်လုံးကသာ ဒါမျိုးလုပ်ပေးမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာလေ ပိုချစ်လာလေဖြစ်ပြီး ပျော်ရွှင်နေရမှာပါ။

ကိုယ်ပိုင်အချိန်ထားပါ

Relationship တစ်ခုမှာ ကိုယ်ပိုင်အချိန်ရှိဖို့ကလည်း လိုပါတယ်။ အမြဲတမ်းရည်းစားနဲ့ပဲ အချိန်ကုန်နေတာမျိုးမလုပ်ပဲ တစ်ယောက်နဲ့တစ်ယောက် ကိုယ်လုပ်ချင်တာလေးတွေလုပ်မယ့်အချိန်၊ သူငယ်ချင်းတွေနဲ့ တွေ့မယ့်အချိန်လေးတွေ ထားပေးပါ။ ဒါဆိုရင် ပြဿနာတွေလည်း နည်းသွားပြီး ပိုအဆင်ပြေလာပါလိမ့်မယ်။