ပျော်ရွှင်မှုကို ရရှိဖို့ဆိုရင် ကိုယ့်စိတ်ကိုလည်း ပြောင်းလဲပြင်ဆင်နိုင်ဖို့ လိုပါတယ်။ အမြဲတမ်း ပျော်စရာတွေပဲကြုံနေရတဲ့သူဆိုတာ မရှိပါဘူး။ စိတ်ကိုပျော်အောင်ထားတတ်လို့၊ စိတ်ကိုပေါ့ပါးအောင်ထားတတ်လို့ အဆင်ပြေတဲ့သူ ပျော်ရွှင်တဲ့သူတွေပဲ ရှိပါတယ်။ ဒါကြောင့် ပျော်ရွှင်မှုရရှိစေဖို့အတွက်ဆိုရင် လိုအပ်တဲ့ အဓိကစည်းမျဉ်း ၅ ချက်ပဲ ရှိပါတယ်။

ဘယ်သူ့ကိုမှမမုန်းပါနဲ့

သူများကိုမုန်းရတာက ကိုယ်တိုင်ပဲ အရင်ပူလောင်ပါတယ်။ သူ့ကိုမြင်နေရရင်ကို အကုသိုလ်များပြီး စိတ်တိုတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှလည်း မမုန်းပဲ ဒီတိုင်းလေးပဲ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီးနေပါ။ လူတိုင်းကို ကိုယ်ပေါင်းစိတ်ခွာပေါင်းသင်းပြီး ဘာမှစိတ်ထဲသိပ်မထားတတ်အောင် နေကြည့်ပါ။

ကိုယ့်ကိုယ်ကိုတခြားသူနဲ့မနှိုင်းယှဉ်ပါနဲ့

ဘဝမှာပျော်ရွှင်မှုကိုရချင်ရင် ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကို သူများနဲ့နှိုင်းယှဉ်ရင် အမြဲစိတ်ဆင်းရဲပြီး သိပ်ငယ်စိတ်တွေဝင်လာမယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ ပျောက်ဆုံးပြီး ဘယ်တော့မှ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။

အတိတ်နဲ့အနာဂါတ်အတွက်မစိုးရိမ်ပါနဲ့

အတိတ်မှာဖြစ်ခဲ့တာတွေကို မေ့ပစ်လိုက်ပါ။ အတိတ်မှာပိတ်မိနေရင် ပျော်ရွှင်မှုကို ရရှိမှာမဟုတ်ပဲ ပြန်တွေးတိုင်းမှာ စိတ်ညစ်နေရပါလိမ့်မယ်။ အနာဂါတ်ကိုလည်း ကြိုတွေးပြီး ပူပန်နေတာမျိုးတွေ မလုပ်ပါနဲ့။ လက်ရှိမှာမပျော်ရွှင်နိုင်ပဲ အမြဲစိုးရိမ်ပူပန်ပြီး စိတ်ညစ်နေပါလိမ့်မယ်။ ဒီတော့ လက်ရှိမှာပဲ အကောင်းဖြစ်အောင် ကြိုးစားနေထိုင်ပြီး နေ့တိုင်းကို ပျော်ရွှင်စွာနဲ့ စိတ်ပေါ့ပါးလွတ်လပ်စွာနဲ့ ဖြတ်သန်းကြည့်ပါ။

ကိုယ်ပေးတဲ့အရာမျိုးပြန်ရဖို့မမျှော်လင့်ပါနဲ့

ကိုယ်ကူညီလိုက်တဲ့အရာ၊ ကိုယ်လုပ်ပေးလိုက်တဲ့အရာအပေါ်ကို ဘာပြန်လုပ်ပေးသင့်တယ်၊ ကိုယ့်အနေနဲ့ ဘယ်လိုမျိုး ပြန်ရသင့်တယ်ဆိုပြီး မတွေးပါနဲ့။ မမျှော်လင့်ပါနဲ့။ မဖြစ်လာရင် စိတ်တိုရတယ်၊ ပူလောင်ရပါတယ်။ ဒီတော့လုပ်ပေးချင်စိတ်ရှိရင် ဘာမှမမျှော်လင့်ပဲ စေတနာသန့်သန့်နဲ့ လုပ်ပေးလိုက်ပါ။ စိတ်ချမ်းသာရပါတယ်။

အခက်အခဲတွေကိုဘယ်တော့မှမညည်းညူပါနဲ့

လူတိုင်းမှာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေကတော့ ရှိတာပါပဲ။ အဲ့တာတွေကို ထိုင်စိတ်ညစ်ပြီး တစ်ချိန်လုံး ညည်းညူနေရင်လည်း ပူလောင်ပါတယ်။ အကြည်ဓာတ်လည်း ပျောက်စေပါတယ်။ ဒီတော့ အခက်အခဲတွေ၊ အဆင်မပြေတာတွေရှိရင် စိတ်အေးအေးထားပြီး ဘယ်လိုအဆင်ပြေအောင် လုပ်မရမလဲဆိုတာကိုပဲ စဉ်းစားပြီး ကျော်ဖြတ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။