ဆံပင်ကို ခဏခဏဆေးဆိုးတာက ဆံသားပျက်စီးစေတာတော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ Hair Care လုပ်ပေမယ့်လည်း နဂိုဆံပင်လောက်တော့ ပြန်မကောင်းနိုင်ပါဘူး။ ဒါကြောင့် ဆံပင်ကို ခဏခဏဆေးမဆိုးသင့်ပါဘူး။ ဆံပင်ခဏခဏဆေးဆိုးခြင်းကို ရပ်သင့်တဲ့ အဓိကအကြောင်းအရင်း ၅ ခုရှိပါတယ်။

ဆံသားပျက်စီးစေခြင်း

ဒီအချက်ကတော့ အားလုံးသိပြီးသားပါ။ ဆံပင်ခဏခဏဆေးဆိုးရင် ဆံပင်ပျက်စီးစေပါတယ်။ ဆံပင်တွေကြမ်းလာတာ၊ ဆံပင်အဖျားနှစ်ခွတွေ ဖြစ်လာတာ၊ ဆံသားကျိုးကြေပြီး ပျက်စီးတာတွေကတော့ အဖြစ်များပါတယ်။

ဆံပင်ကျွတ်စေခြင်း

ဆံပင်ခဏခဏဆေးဆိုးရင် နောက်တစ်ခုအဖြစ်များတာကတော့ ဆံပင်ကျွတ်တာပါပဲ။ ဆံပင်အရမ်းကျွတ်တာတဲ့အခါ ဆံပင်ပါးပြီး ထိပ်ပြောင်တာတွေအထိ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဆံပင်အဖျားရှူးတာမျိုးလည်း ဖြစ်စေပါတယ်။

ဓါတ်မတည့်မှုဖြစ်စေနိုင်ခြင်း

ဆံပင်ဆေးဆိုးတာက တချို့ဆိုရင် အခန့်အသင့်တဲ့အခါ ဓါတ်မတည့်မှုဖြစ်ပြီး နဖူးနဲ့ မျက်နှာမှာ Allergic တွေထလာတာ၊ ဝက်ခြံတွေပြုံပြီးထွက်လာတာမျိုးတွေ ဖြစ်တတ်သလို ဦးရေပြားဗောက်ထတာ၊ ဦးရေပြားမှာ အဖုအပိန့်တွေထတာ၊ ဦးရေပြားစပ်တာတွေလည်း ဖြစ်တတ်ပါတယ်။

ဆံသားခြောက်သွေ့မှုဖြစ်စေခြင်း

ဆံပင်ဆေးဆိုးတာက ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံသားခြောက်သွေ့စေပါတယ်။ ဆံပင်ခဏခဏဆေးဆိုးတာ၊ ဆံပင်အရောင်ချွတ်တာတွေဆို ပိုဆိုးပါတယ်။ ဆံသားကမွဲခြောက်ပြီး ဖွာသွားတာမျိုးတွေအထိ ဖြစ်ပါတယ်။

တချို့ဆံပင်ဆိုးဆေးတွေက ကင်ဆာရောဂါနဲ့ဆက်စပ်မှုရှိခြင်း

နောက်ဆုံးအချက်ကတော့ တချို့ဆံပင်ဆိုးဆေးတွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေက ကင်ဆာရောဂါနဲ့ဆက်စပ်မှုရှိပြီး ကင်ဆာဖြစ်နိုင်ချေ ရှိလာစေပါတယ်။ အရမ်းဈေးပေါပြီး Quality လုံးဝမကောင်းတဲ့ ဆေးတွေကို ပိုက်ဆံကုန်မှာစိုးလို့ဆိုပြီး ရွေးချယ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကျန်းမာရေးပါထိခိုက်စေပါတယ်။