မင်္ဂလာပါ ပျိုမေတို့ရေ။ ဆံပင်စတိုင်တွေ ဘယ်လိုပြောင်းပြောင်း အရှည်မြန်ပြီး သန်စွမ်းနေဆဲ ဆံနွယ်လေးတွေ ပိုင်ဆိုင်ဖို့က ပျိုမေတိုင်းရဲ့ အိပ်မက်ပါပဲနော်။ ဒီလိုဆံပင်သန်ပြီး အရှည်မြန်ဖို့အတွက် လွယ်လွယ်ကူကူ သဘာဝအတိုင်း ထိန်းသိမ်းထားနိုင်မယ့် ထိရောက်တဲ့ နည်းလေးတွေကို ဒီတစ်ခေါက်မှာ ပြောပြပေးသွားမှာပါ။ ဆံပင်တွေပါးပြီး အရှည်နှေးလို့ စိတ်ညစ်နေသူတိုင်းအတွက် အသုံးဝင်စေမှာဖြစ်လို့ ပုံမှန်လေး လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
၁။ Hair Oil လိမ်းပြီး ဆံသား Treatment လုပ်ပေးပါ
အိန္ဒိယသူတွေရဲ့ ဆံပင်သန်ဖို့ ထိန်းသိမ်းရာမှာ အသုံးပြုလေ့ရှိတဲ့နည်းဖြစ်ပါတယ်။ ကြက်ဆူဆီ၊ သံလွင်ဆီ၊ အုန်းဆီနဲ့ Vitamin E Oil တို့လို သဘာဝအဆီ နှစ်မျိုးလောက်ကို ဆတူရောကာ ဆံသားနဲ့ ဦးရေပြားကို လိမ်းပြီး Treatment လုပ်ပေးရမှာပါ။ ဆံပင်အရင်းကနေ ဦးရေပြားအထိ စိမ့်ဝင်အောင် လေးမိနစ်လောက် နှိပ်နယ်ပြီးလိမ်းပေးပါ။ နေ့တစ်ဝက်လောက်ထားပြီးမှ ခေါင်းပြန်လျှော်တာမျိုး ပြုလုပ်နိုင်ပါတယ်။
၂။ ဆံပင်စည်းတာ၊ ကျစ်ဆံမြီးအကြီးကျစ်တာမျိုး လုပ်ပေးပါ
တစ်ခါတစ်ရံ ဆံပင်စည်းထားတာ၊ ကျစ်ဆံမြီးကျစ်ထားတာကလည်း ဆံပင်အရှည်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ချထားတာထက်စာရင် ဒီလိုဆံပင်စုစည်းလိုက်တာက လေထုထဲက ဖုန်၊ အညစ်အကြေးတွေနဲ့မထိအောင် ကာကွယ်ပြီးသားလည်းဖြစ်စေမှာပါ။
၃။ ဓာတုပစ္စည်း Sulphate မပါဝင်တဲ့ ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကို အသုံးပြုပေးပါ
Sulphate လို့ခေါ်တဲ့ ဓာတုပစ္စည်းအာနိသင်က ဆံသားကို ခြောက်သွေ့ကြမ်းတမ်းပြီး ဗောက်ထစေပါတယ်။ ဒါကြောင့်မို့ အတတ်နိုင်ဆုံး ဓာတုပစ္စည်းမပါတဲ့ သဘာ၀ Shampoo နဲ့ ဆံပင်ပေါင်းတင်ဆေးတွေကိုသာ ရွေးချယ်သုံးပေးပါ။ ခေါင်းခဏခဏလျှော်တာကလည်း ဆံပင်ပါးပြီး ပျက်စီးစေတာမို့ တစ်ပတ်ကို နှစ်ကြိမ်၊ သုံးကြိမ်ထက် ပိုမလျှော်မိအောင် သတိထားသင့်ပါတယ်။
၄။ ပရိုတင်းဓာတ်နဲ့ နို့ထွက်ပစ္စည်း စားသုံးမှုကို မြှင့်တင်ပါ
ပရိုတင်းက လက်သည်းနဲ့ ဆံသားကျန်းမာသန်စွမ်းဖို့ ပံ့ပိုးပေးနိုင်တဲ့ အာဟာရဓာတ်တစ်မျိုးပါ။ သင့်ဆံသားကိုအားဖြည့်ပေးပြီး အရှည်မြန်စေဖို့အတွက် ထောက်ပံ့ပေးနိုင်တာမို့ ဥအမျိုးမျိုး၊ ဒိန်ချဉ်၊ နွားနို့၊ ကြက်သား၊ ပဲမျိုးစုံ စတဲ့ ပရိုတင်းဓာတ်နဲ့ နို့ထွက်ပစ္စည်းတွေ ထည့်သွင်းစားသုံးတတ်တဲ့ အကျင့်လုပ်ပေးဖို့ လိုပါတယ်။ တောက်ပသန်စွမ်းတဲ့ ဆံနွယ်ရှည်တွေပိုင်ဆိုင်ဖို့ တစ်နေ့ ရေ ၂လီတာလောက် သောက်ပေးဖို့လည်း မမေ့သင့်ပါဘူး။
၅။ ဆံပင်အဖျားလေးတွေ တိပေးပါ
ဆံပင်အဖျားလေးတွေ ပုံမှန်တိပေးတာကလည်း ဆံပင်အဖျားနှစ်ခွဖြစ်နေတာတွေကို ဖယ်ရှားပြီးသားဖြစ်စေတဲ့အပြင် ဆံပင်အရှည်မြန်လာဖို့အတွက်ပါ ထောက်ပံ့ပေးနိုင်မှာပါ။ မညီတဲ့အဖျားတွေကို ပုံမှန်ညှပ်ထုတ်ပေးလိုက်သလိုဖြစ်တာမို့ သင့်ဆံပင်ကိုလည်း ပိုပြီးပုံကျစေပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar