အိပ်ရေးဝခြင်းက လူကို လန်းဆန်းပေါ့ပေါးစေပြီး စွမ်းအင်အပြည့်နဲ့ တစ်နေ့တလုံးအတွက် အားရှိစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လူငယ်အများစုက ညဘက်တော်တော်နဲ့ အိပ်မပျော်ကြပါဘူး။ အဓိက တရားခံက စမတ်ဖုန်းများ၊ ဆိုရှယ်မီဒီယာများကြောင့်လို့ ပြောနိုင်ပါတယ်။ ညဘက် အိပ်ရေးမဝတဲ့အခါ မနက်နိုးလာရင် လူက ပင်ပန်းနုန်းချိသလို ခံစားရပါတယ်။ အချိန်ကြာတဲ့အခါ သင့်ရဲ့စိတ်ပိုင်ဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရကိုပါ ထိခိုက်စေနိုင်ပါတယ်။

ဒီလို အိပ်မပျော်တဲ့ ရောဂါ မခံစားရလေအောင် ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ ချက်ချင်းအိပ်ပျော်သွားစေမယ့် နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

မွေ့ယာအဟောင်းကို အသစ်နဲ့ လဲလိုက်ပါ

မွေ့ယာတစ်ခုရဲ့ သက်တမ်းက အများဆုံး ၇ နှစ်ပါပဲ။ သက်တမ်း ၇ နှစ်ကျော်တဲ့ မွေ့ယာများက အိစက်ညက်ညောမှု မရှိတော့တဲ့အတွက် အိပ်စကဖို့ရာ အဆင်မပြေတော့ပါဘူး။ သက်သောင့်သက်သာ မဖြစ်တဲ့အတွက် လွယ်လွယ်ကူကူ အိပ်ပျော်နိုင်မှာမဟုတ်ပါဘူး။

ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ကြည်ပါ

ယောဂလေ့ကျင့်ခန်းများက စိတ်ငြိမ်စေပြီး စိတ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ထားတဲ့အတွက်ကြောင့် ညဘက်မှာ ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်နိုင်မှာပဲဖြစ်ပါတယ်။

မိမိစိတ်ကို တင်းထားပြီး အိပ်မပျော်သွားဖို့ ကြိုးစားကြည့်ပါ

ဒီနည်းလမ်းက သင့်အတွက် ထူးဆန်းကောင်းထူးဆန်းပါလိမ့်မယ်။ ဒီနည်းလမ်းလေးက သင့်ရဲ့မသိစိတ်နဲ့ သက်ဆိုင်ပါတယ်။ လူတစ်ယောက်က မိမိကိုယ်ကို မလုပ်ရဘူး၊ မအိပ်ရဘူးလို့ တင်းထားတဲ့အချိန်မှာ သင့်ရဲ့မသိစိတ်က တင်းခံထားတဲ့အရာကို ပိုလုပ်မိစေပါတယ်။

ဒီတစ်ခါ ဘယ်လိုမှ အိပ်လို့မရဘူးဆိုပြီး ခံစားရတယ်ဆိုရင် ဒီနည်းလမ်းလေးကို အသုံးပြုကြည့်ပါ။

ပုံမှန်အိပ်ချိန်တစ်ခု သတ်မှတ်ထားပါ

သင့်အနေနဲ့ အိပ်မယ့်အချိန်တစ်ခုကို သတ်သတ်မှတ်မှတ်ထားတဲ့အခါ သင့်ခန္ဓာကိုယ်က အိပ်စက်ချိန်ကို ကျင့်သားရသွားပြီး အိပ်ချိန်ရောက်တဲ့အခါ အလိုအလျောက်အိပ်ချင်သွားပါလိမ့်မယ်။ နိုးတဲ့အချိန်လည်း ထိုနည်းလည်းကောင်းပဲ အချိန်သတ်မှတ်ပေးထားလိုက်ပါ။

သင့်ရဲ့အိပ်ရာကို အိပ်စက်ဖို့အတွက်ပဲ အသုံးပြုပါ

အိပ်ရာပေါ်မျာ အလုပ်လုပ်ခြင်း၊ စာကြည့်ခြင်းတို့ကို ရှောင်ကြဉ်ပါ။ ထိုကဲ့သို့ အိပ်ရာပေါ်မှာ အလုပ်လုပ်ခြင်း၊ စာလုပ်ခြင်းက အိပ်ရာဝင်တဲ့ခါ မပြီးသေးတဲ့အလုပ်တွေဆီ စိတ်ရောက်သွားပြီး စိတ်ဖိစီးကာ အိပ်မရဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အိပ်ရာကို အိပ်စက်ဖို့အတွက်ပဲ အသုံးပြုပေးမယ်ဆိုရင် ညဘက်မှာ ကလေးလေးတစ်ယောက်လို အပူအပင်ကင်းစွာ အိပ်စက်အနားယူနိုင်ပါတယ်။

Source: Goodnet.org