အမျိုးသမီးတွေဟာ တစ်နေရာရာမှာ ထိုးဖောက်ချင်ရင် အမျိုးသားတွေထက် ပိုကြိုးစားလေ့ရှိပြီး ပိုပင်ပန်းလေ့ရှိပါတယ်။ ပြောရရင် စိန်ခေါ်မှုများစွာကို အမျိုးသားတွေထက် ပိုရင်ဆိုင်ရတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့ စ်ိန်ခေါ်မှုတွေ ရှိပါစေ အောင်မြင်တဲ့ အမျိုးသမီး စွန့်ဦးတီထွင်သူတွေကတော့ ဒါတွေကို ဖြတ်ကျော်ပြီး အောင်မြင်ခဲ့ကြပါတယ်။

အောက်ဖော်ပြပါ အချက်တွေကတော့ အောင်မြင်တဲ့ အမျိုးသမီး Entrepreneur တွေဆီကနေ သင်ယူနိုင်မယ့် သင်ခန်းစာတွေ ဖြစ်ပါတယ်။

ကိုယ့်ရည်မှန်းချက်ကို သိပါစေ

တစ်နေရာရာမှာ ထိုးဖောက် အောင်မြင်နိုင်ဖို့ ကိုယ့်ရည်မှန်းချက် အတိအကျကို သိဖို့ လိုအပ်ပါတယ်။ ဘယ်လို စီးပွားရေးမျိုး လုပ်ချင်တာလဲ၊ ဘယ်အတိုင်းအတာထိ သွားချင်တာလဲ၊ ဘယ်နှစ်နှစ်အတွင်း ဖြစ်အောင် လုပ်မလဲ စသဖြင့် ရည်မှန်းချက် အတိအကျ ထားသင့်ပါတယ်။ သင့်ရည်မှန်းချက်ကို ရောက်ဖို့ အာရုံစိုက်ကာ လုပ်လို့ရသမျှ အားလုံး လိုက်လုပ်သင့်ပါတယ်။

စိတ်ဓာတ်ခိုင်မာအောင် ထားပါ

ဘယ်အရာပဲ ဖြစ်ဖြစ် အခက်အခဲပေါင်းစုံ၊ အနာတရ ပေါင်းစုံ ရှိမှာပါပဲ။ လာသမျှ စိန်ခေါ်မှု အားလုံးကို ရင်ဆိုင်နိုင်ဖို့ သင့်မှာ ကြံ့ခိုင်တဲ့ စိတ်ဓာတ် ရှိဖို့ လိုအပ်ပါတယ်။ သင် အရှုံးပေးချင်လာတဲ့အခါကျရင် သင့် ရည်မှန်းချက်တွေကို ပြန်တွေးသင့်ပါတယ်။ မုန်တိုင်းတွေလာရင် ခံနိုင်ရည်ရှိဖို့ အသုံးချလို့ ရသမျှ ခွန်အားကို သုံးပေးသင့်ပါတယ်။ စိန်ခေါ်မှု တစ်ခုစီတိုင်းက ရတဲ့ သင်ခန်းစာတွေ၊ အမှားတွေကိုလည်း မှတ်သားထားသင့်ပါတယ်။

သင်ယူတာကို မရပ်တန့်ပါနဲ့

ခေါင်းဆောင်ကောင်းတွေ၊ စစ်မှန်တဲ့ စွန့်ဦးတီထွင်သူတိုင်းဟာ ဘယ်တော့မှ သင်ယူမှုကို ရပ်တန့်လေ့မရှိပါဘူး။ ကိုယ်လုပ်မယ့် စီးပွားရေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ အရာတိုင်းကို မဖြစ်မနေ သင်ယူလေ့ရှိကြပါတယ်။ လူတွေနဲ့ တွေ့ဆုံကာ ဒီလူတွေဆီက သင်ယူပြီး နေ့ရက်တိုင်းမှာ အမြဲ လေ့လာနေသင့်ပါတယ်။

အကူအညီတောင်းပါ

သင်က တစ်ကိုယ်တော် စီးပွားရေးသမားဆိုရင်တောင် တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင့်ကို ထောက်ပံ့ပေးမယ့် အဖွဲ့ကောင်းတစ်ဖွဲ့ လိုအပ်ပါတယ်။ သင့်ရဲ့ ခက်ခဲတဲ့ အချိန်တွေမှာ ကူညီဖို့ ကမ်းလှမ်းသူတွေဆီကနေ အကူအညီယူဖို့ အားမနာသင့်ပါဘူး။ အောင်မြင်တဲ့ စီးပွားရေးသမားတွေဆီကနေ အကြံဉာဏ်တွေယူသင့်ပြီး သင့်အလုပ်အပေါ် သင့်လိုပဲ တက်ကြွတဲ့ သူတွေကို အလုပ်ခန့်ထားသင့်ပါတယ်။

တခြားအမျိုးသမီးတွေကို ပံ့ပိုးပေးပါ

အမျိုးသမီး တစ်ဦးရဲ့ အောင်မြင်မှုဟာ တခြား အမျိုးသမီးတွေအတွက်လည်း အောင်မြင်မှု ရသလိုပါပဲ။ သင့်လိုပဲ တခြား အမျိုးသမီး Entrepreneur တွေကို ပြိုင်ဘက်အနေနဲ့ မမြင်သင့်ဘဲ အခွင့်အရေးရတိုင်း သူတို့နဲ့ လက်တွဲကာ သူတို့အပေါ် ပံ့ပိုးပေးသင့်ပါတယ်။ သင့်လိုပဲ စီးပွားရေး သမား အမျိုးသမီးတွေဟာ သင့်ရဲ့ စီးပွား လက်တွဲဖက် ဖြစ်လာနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar