စာဖတ်သူတို့အနေနဲ့ တစ်နေ့တာရဲ့များပြားတဲ့လုပ်ငန်းတာဝန်တွေကြောင့် စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ် နေတာမျိုးကိုကြုံဖူးကြမှာပါ။ လူတစ်ယောက်မှာ စိတ်ကအရေးကြီးဆုံးမို့ စိတ်ပင်ပန်းလာတဲ့အခါမှာ ဘာကိုမှ ဆက်မလုပ်ချင်တော့တာမျိုးဖြစ်တတ်ပါတယ်။ စိတ်ပင်ပန်းမှုကို အလွယ်တကူလျှော့ချနိုင်ဖို့ဆိုရင် စိတ်ခွန်အား တက်စေတဲ့အမူအကျင့်တွေကို နေ့စဉ်ပြုလုပ်ပေးနိုင်ဖို့ကလည်းအရေးကြီးပါတယ်။ ဒီတစ်ခေါက်မှာတော့ လူတိုင်းမှာရှိထားသင့်တဲ့ စိတ်ခွန်အားဖြည့်အလေ့အကျင့်တွေအကြောင်းကိုမျှဝေပေးပါရစေ။
အိပ်ချိန်မှန်မှန်ထားပါ
စိတ်ခွန်အားပြည့်ဖို့အတွက်ဆိုရင် လုံလောက်တဲ့အိပ်စက်အနားယူမှုရှိဖို့က အရမ်းအရေးကြီးပါတယ်။ သင့်ရဲ့စိတ်ကိုကောင်းကောင်းအနားပေးပြီး ပြန်လည်အားမွေးနိုင်မှ နေ့ရက်တိုင်းကို တက်တက်ကြွကြွနဲ့ စတင်နိုင်မှာဖြစ်ပါတယ်။ တစ်နေ့ကို ၇နာရီနဲ့ ၈နာရီကြား ပုံမှန်အိပ်စက်နိုင်တာကတော့အကောင်းဆုံးပါပဲ။
အစားအသောက်ကိုဂရုပြုပါ
ကိုယ်ခန္ဓာကျန်းမာရေးကောင်းမွန်မှ စိတ်ခွန်အားလည်းပြည့်ဝနိုင်မှာဖြစ်ပါတယ်။ နေ့ရက်တိုင်းစိတ်ရွှင်လန်း နေဖို့အတွက် ရေများများသောက်ပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်စားပေးဖို့လိုပါတယ်။
စက်ပစ္စည်းတွေနဲ့ဝေးဝေးနေပါ
လက်တော့ပ်နဲ့ စမတ်ဖုန်းတွေရဲ့Screen ကို နာရီပေါင်းများစွာကြည့်ခြင်းက အမြင်အာရုံကိုလည်းထိခိုက်စေတဲ့ အပြင် ဦးနှောက်အာရုံစူးစိုက်နိုင်စွမ်းလည်း လျော့ကျစေနိုင်ပါတယ်။ စိတ်ခွန်အားတက်စေဖို့ အားတဲ့အချိန်မှာ စက်ပစ္စည်းတွေနဲ့ဝေးဝေးနေပြီး ကိုယ်ဝါသနာပါတဲ့အရာတစ်ခုကို လက်တွေ့ပြုလုပ်ပေးသင့်ပါတယ်။
လှုပ်လှုပ်ရှားရှားနေပါ
တစ်နေ့လုံး စိတ်ပေါ့ပါးနေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုတစ်ချို့ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ခြေကုန်လက်ပန်းကျတဲ့အထိ အချိန်အတော်ကြာ လှုပ်လှုပ်ရှားရှားနေတာမျိုးမဟုတ်ဘဲ နေ့စဉ်ပြုလုပ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု Routine တစ်ခု သီးသန့်သတ်မှတ်ပြီးပုံမှန်လုပ်ပေးသင့်ပါတယ်။
တရားထိုင်ပါ
တရားထိုင်ခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အာရုံစူးစိုက်မှုအားကောင်းစေတဲ့အတွက် စိတ်တည်ငြိမ်စေတဲ့အပြင် မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့လည်းအကူအညီဖြစ်ပါတယ်။ ဒါကြောင့် ဝင်လေထွက်လေကိုအာရုံစိုက်ပြီး ဆယ်မိနစ်လောက် နေ့တိုင်းပုံမှန်တရားထိုင်ပေးသင့်ပါတယ်။