သင့် မျက်နှာအသားအရေက အဆီပြန်တဲ့သူပဲဖြစ်ဖြစ်၊ အသားအရေခြောက်သွေ့တဲ့သူပဲဖြစ်ဖြစ် အသားအရေ အစိုဓာတ်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။ မျက်နှာအသားအရေက လုံလောက်တဲ့ရေဓာတ် ရရှိမှသာ အသားအရေက တင်းတင်းရင်းရင်းလေးဖြစ်နေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းမှ ကင်းဝေးနိုင်မှာပဲဖြစ်ပါတယ်။

အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေကို မှန်မှန်စားသုံးပေးခြင်းက ကိုယ်အလေးချိန်လည်း ကျစေသလို အသားအရေလည်း လှပစေမှာပဲဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သဘာဝနည်းနဲ့ ပေါင်းတင်ချင်တဲ့အခါမှာလည်း အသုံးဝင်တာကတော့ အရည်ရွမ်းတဲ့သစ်သီးတွေပါပဲ။ ဒါ့ကြောင့် အသားအရေအမျိုးအစားအလိုက် ဘယ်လိုအစားအစာနဲ့ ပေါင်းတင်နည်းတွေ အသုံးပြုရမလဲဆိုတာကို ပျိုမေလေးတို့အတွက် ဖော်ပြပေးလိုက်တယ်နော်။

ပုံမှန်အသားအရေပိုင်ရှင်များအတွက် အစိုဓာတ်ထိန်းသိမ်းပေးမယ့် ပေါင်းတင်နည်း

Source: leitesculinaria.com

ပျားရည် နွေးနွေးလေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ချိစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်မွှေပေးလိုက်ပါ။ ထို့နောက် သင့် မျက်နှာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ပျားရည်က အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး ချိစ်ကတော့ အရွယ်တင်နေဖို့နဲ့ အသားအရေ ဝင်းလက်တောက်ပဖို့ ကူညီပေးပါတယ်။

ပေါင်းစပ် အသားအရေပိုင်ရှင်များအတွက်

Source: michaelkummer.com

ပေါင်းစပ် အသားအရေပိုင်ရှင်ဆိုတာကတော့ T-Zone နဲ့ ပါးပြင် အပေါ်နားတစ်ဝိုက်ပဲ အဆီပြန်ပြီး ကျန်တဲ့နေရာတွေမှာတော့ အသားအရေခြောက်တဲ့သူမျိုးကို ဆိုလိုတာပါ။ ဒီလိုမျက်နှာပိုင်ရှင်တွေကတော့ ကြက်ဥအကာ ၁ လုံးနဲ့ ထောပတ်သီး ၁ လုံးတို့ကို အနှစ်ကလေးများရအောင် ကြိတ်ချေပြီး မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ အဆီပြန်တဲ့နေရာတွေကို ကြက်ဥအကာက ချွေးပေါက်တွေကျဉ်းသွားအောင် ကူညီပေးပြီး ထောပတ်သီးအနှစ်ကတော့ အဆီပြန်ခြင်းကို လျော့ချပေးပြီး မျက်နှာခြောက်တဲ့နေရာတွေကို အစိုဓာတ် ထောက်ပံ့ပေးပါလိမ့်မယ်။

အသားအရေခြောက်သွေ့သူများအတွက်

Source: acneskinsite.com

မုန်လာဥနီ အလတ်ဆိုဒ် ၂ လုံး၊ ထောပတ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သစ်သီးဖျော်စက်ထဲထည့်ကာ ဖျော်လိုက်ပါ။ ရရှိလာတဲ့အနှစ်များကို မျက်နှာပေါ်မှာ သုတ်လိမ်းထားပြီး မိနစ် ၂၀ ခန့်ကြာမှ မျက်နှာသစ်လိုက်ပါ။ ပါဝင်ပစ္စည်း သုံးမျိုးရဲ့ ပေါင်းစပ်စွမ်းအားက အသားအရေ ဝင်းလက်တောက်ပပြီး စိုစိုပြေပြေလေးဖြစ်သွားအောင် ကူညီပေးမှာပါ။

မျက်နှာအသားအရေ အဆီပြန်သူများအတွက်

Source: skinnyms.com

ဒိန်ချဉ် တစ်ဆနဲ့ စတော်ဘယ်ရီ ၂ ဆတို့ကို သမအောင် ကြိတ်ချေ ရောမွှေပြီးနောက် မျက်နှာပေါ် သုတ်လိမ်းလိုက်ပါ။ မိနစ် ၂၀ ကြာမှာ ရေဆေးချလိုက်ပါ။ စတော်ဘယ်ရီသီးထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက ပိုလျှံနေတဲ့အဆီတွေကို စုပ်ထုတ်လိုက်ပြီး ဝက်ခြံနဲ့ အမဲစက်တို့ကို ဖယ်ရှားပေးကာ အသားအရေချောမွေ့အောင် ကူညီပေးပါလိမ့်မယ်။

ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်များအတွက်

Source: supplemania.net

Sensitive အသားအရေပိုင်ရှင်များကတော့ သံပုရိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ နနွင်းမှုန့် စားပွဲတင်ဇွန်း ၄ ပုံ ၁ ပုံတို့ကို အသုံးပြုပေးရမှာပဲဖြစ်ပါတယ်။ ပါဝင်ပစ္စည်းများ အားလုံးကို ရောနှောပြီး မျက်နှာပေါ် သုတ်လိမ်းကာ ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိထားထားပေးပါ။ ပြီးမှ မျက်နှာသစ်ပေးလိုက်ပါ။ သံပုရိုသီးနဲ့ နနွင်းမှုန့်က အသားအရေကို ကြည်လင်ဝင်းပစေပြီး နွားနို့ကတော့ အသားအရေကို ချောမွေ့စေပါတယ်။