မင်္ဂလာပါ ပျိုမေတို့ရေ။ များသောအားဖြင့် မိန်းကလေးတွေဟာ မျက်နှာမှာ အမွှေးအမျှင်သိပ်မထွက်ကြတဲ့အပြင် ထွက်တဲ့အခါမှာလည်း ခပ်မျှင်မျှင် အမွှေးနုလေးတွေပဲ ထွက်တတ်ကြပါတယ်။ ဒါပေမယ့် ဟော်မုန်းကွာခြားမှု၊ ဆေးသောက်သုံးခြင်းနဲ့ မျိုးရိုးလိုက်တာတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူနိုင်ပါဘူးနော်။ သင်ကိုယ်တိုင်လည်း မျက်နှာအစိတ်အပိုင်းအချို့မှာ အမွှေးထွက်သန်နေလို့ စိတ်ကသိကအောက် ဖြစ်နေရတယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ သဘာဝနည်းလမ်းတွေက သင့်အတွက်အသုံးတည့်မှာပါ။ ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် မျက်နှာပေါ်က အမွှေးအမျှင်တွေကို ကိုယ်တိုင်အိမ်မှာဖယ်ရှားနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးသွားမှာပါ။
သကြားနဲ့ သံပယိုရည်
သကြားနှစ်ဇွန်းနဲ့ သံပယိုရည်တစ်ဇွန်းကို ရေအနည်းငယ်နဲ့ရောပြီး ဆူလာတဲ့အထိ အပူပေးပါ။ ပြီးနောက် အအေးခံကာ မျက်နှာရဲ့ အမွှေးအမျှင်ရှိတဲ့နေရာတွေပေါ် စက်ဝိုင်းပုံလေး ပွတ်ပြီးလိမ်းပေးရပါမယ်။ ပေါင်းတင်သလို မိနစ် ၂၀ လောက်ထားကာ ရေနဲ့စင်အောင်ပြန်ဆေးပေးပါ။
သံပယိုရည်၊ သကြားနဲ့ ပျားရည်
ပျားရည်တစ်ဇွန်း၊ သကြားနှစ်ဇွန်းနဲ့ သံပယိုရည်အနည်းငယ်ကိုရောကာ သူ့ကိုလည်း သုံးမိနစ်ခန့် မွှေပြီး အပူပေးပါ။ အရည်ကျဲကျဲ သဘာ၀ Wax ပုံစံ ရလာပါလိမ့်မယ်။ ပြီးတဲ့နောက်အအေးခံပြီး အမွှေးနဲ့လမ်းကြောင်းပြောင်းပြန်လိမ်းကာ Wax Strip နဲ့ ခွာပေးရပါမယ်။
ကြက်ဥအကာနဲ့ ဆန်မှုန့်
ကြက်ဥအကာတစ်လုံးနဲ့ သကြားတစ်ဇွန်း၊ ဆန်မှုန့်ဇွန်းဝက်လောက်ကိုယူပြီး အနှစ်ရအောင်ရောမွှေပါမယ်။ ပြီးနောက်မျက်နှာမှာလိမ်းပြီး မိနစ် ၂၀ခန့် ခြောက်သွားတဲ့အထိထားပေးပါ။ ခြောက်သွားတဲ့အလွှာကို ဖြေးဖြေးချင်းခွာပြီး ရေနဲ့ပြန်ဆေးချနိုင်ပါတယ်။
Oatmeal နဲ့ ဌက်ပျောသီး
Oatmeal နှစ်ဇွန်းခန့်ကို ဌက်ပျောသီးနဲ့ရောပြီး အနှစ်ရအောင်မွှေပါ။ ပြီးနောက်စက်ဝိုင်းပုံလိမ်းပြီး ၁၅ မိနစ်ခန့်ထားကာ ရေနဲ့ပြန်ဆေးကြောပေးရပါမယ်။
သင်္ဘောသီးနဲ့ နနွင်းမှုန့်
သင်္ဘောသီးမှာ မွှေးညှင်းပေါက်ကနေ အမွှေးထွက်နှုန်းကိုလျော့ကျစေတဲ့ အာနိသင်ပါပါတယ်နော်။ သင်္ဘောသီးနဲ့ နနွင်းမှုန့်အနည်းငယ်တို့ကို ရောမွှေကာ မျက်နှာရဲ့အမွှေးပေါက်တဲ့နေရာတွေမှာလိမ်းပြီး ၁၅ မိနစ်ခန့်ထားကာ ရေနဲ့ပြန်ဆေးပေးပါ။
Photo Source: Pinterest
By MyStyle Myanmar