ဟော်မုန်းမညီမျှတာ ဒါမှမဟုတ် တခြားအကြောင်းကြောင်းကြောင့် မျက်နှာအသားအရေက မညီညာဘဲ နှုတ်ခမ်းနားတဝိုက်မှာ ညိုနေလို့ စိတ်ညစ်နေလား ? နှုတ်ခမ်းနားတဝိုက်မှာ အသားအရေညိုတာက လူတော်တော်များများမှာ ဖြစ်တတ်ပြီး အများစုကတော့ မိတ်ကပ်နဲ့ဖုံးဖို့ ကြိုးစားကြပါတယ်။ ဒါတွေကို ဖယ်ရှားဖို့ သဘာဝနည်းလမ်း 5 ခု ရှိပါတယ်။

သံပုရာရည်

သံပုရာရည်မှာက ကော်လာဂျင်ကို တိုးပွားစေပြီး သဘာဝအတိုင်း အရောင်ချွတ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ လတ်လတ်ဆက်ဆက်ညှစ်ထားတဲ့ သံပုရာရည်ကို ပျားရည် ဒါမှမဟုတ် ဒိန်ချဥ်နဲ့ရောပြီး ညိုတဲ့နေရာကိုလိမ်းပေးပါ။ ခြောက်အောင်ထားပြီး ပြီးမှ ရေအေးနဲ့ဆေးပါ။

ကုလားပဲမှုန့်

ကုလားပဲမှုန့်က အရေပြားကပိုနေတဲ့ အဆီပိုများကို စုပ်ယူနိုင်ပြီး အသားအရေကို သဘာဝအတိုင်း တောက်ပစေနိုင်ပါတယ်။ ကုလားပဲမှုန့်၊ နနွင်းမှုန့်နည်းနည်းနဲ့ နို့တို့ကိုရောပြီး ညိုတဲ့နေရာကို လိမ်းပေးပါ။ 10-15 မိနစ်လောက် အခြောက်ခံလိုက်ပါ။ ပြီးမှ ရေအေးနဲ့ ဆေးပြီး သုံးနေကျ Moisturizer သုံးပေးပါ။

ကြက်သွန်နီအရည်

ကြက်သွန်နီက တကယ်ကိုကောင်းတဲ့ Antioxidant မလို့ အသားအရေကိုတောက်ပစေတဲ့အပြင် အိုမင်းရင့်ရော်မှု ကိုလည်း လျှော့ချပေးပါတယ်။ ကြိတ်ပြီးညစ်ထားတဲ့ ကြက်သွန်နီအရည်ကို ရေနဲ့ရောပြီး ညိုတဲ့နေရာကို လိမ်းပေးပါ။ ခြောက်အောင်ထားပြီးမှ ရိုးရိုးရေနဲ့ဆေးပါ။

အာလူး

အမာရွတ်တွေ ၊ အမဲစက်တွေကိုလျှော့ချပေးပြီး အသားအရေကို တောက်ပစေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အာလူးကိုလည်း သုံးလို့ရပါသေးတယ်။ နုပ်နုပ်စဉ်းထားတဲ့ ဒါမှမဟုတ် အချပ်လိုက်လှီးထားတဲ့အာလူးကို ညိုတဲ့နေရာမှာကပ်ပြီးနှိပ်နယ်ပေးပါ။ မိနစ် 20 အကြာမှာ ရေဆေးချပါ။

ပဲစိမ်းမှုန့်

ပဲစိမ်းက Melanin ကို လျော့ကျစေပြီး အစက်အပြောက်တွေကို သက်သာစေတဲ့အာနိသင်ရှိပါတယ်။ အခြောက်ခံပြီး အမှုန့်ကြိတ်ထားတဲ့ ပဲစိမ်းမှုန့်ကို နွားနို့နဲ့ရောပြီး ညိုတဲ့နေရာကိုလိမ်းပေးပါ။ 15-20 မိနစ်ကြာပြီးမှ ရေဆေးချပါ။