မျက်ခုံးဆိုတာ ကိုယ့်မျက်နှာကျပုံစံကို လုံးဝပြောင်းလဲသွားစေတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမယ့် မျက်ခုံးမွှေးတွေကလည်း ဆံပင်လိုပါးပြီး ကျွတ်ထွက်တတ်တာကို ပျိုမေတို့ သတိထားမိကြလား။ မျက်ခုံးပါးတာက များသောအားဖြင့် အသက်အရွယ်ရလာတာကြောင့်လဲ ဖြစ်တတ်သလို Stress များတာနဲ့ ခဏခဏပုံသွင်းတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒီလိုဖြစ်လို့ စိတ်ညစ်နေတဲ့သူတွေ၊ အရင်ကတည်းက မျက်ခုံးမွှေးပါးလို့ ထူထူလေးဖြစ်ချင်တဲ့သူတွေအတွက် သဘာဝအတိုင်း ထူလာစေမယ့် နည်းလေးတွေကို ဒီတစ်ခေါက်မှာ မျှဝေပေးသွားမှာပါ။ လုပ်ရလွယ်ပြီး သက်သာတဲ့နည်းလေးတွေဖြစ်တာမို့ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

၁။ ရှားစောင်းလက်ပတ်


ရှားစောင်းက အမွှေးအမျှင်ထွက်နှုန်းမြင့်ပေးနိုင်တဲ့ အကောင်းဆုံး သဘာ၀ Treatment တစ်မျိုးပါ။ မျက်ခုံးမွှေးပေါ်မှာ ရှားစောင်းလက်ပတ် Gel လေးလိမ်းပေးတာက သင့်ကို မျက်ခုံးမွှေးပါးတာသက်သာပြီး အုံထူလာစေဖို့ ကူညီပေးပါလိမ့်မယ်။ လိမ်းထားပြီး ခြောက်သွားတဲ့အထိ ဖြေးဖြေးချင်းနှိပ်နယ်ပေးပါ။

၂။ ကြက်ဆူဆီ


ကြက်ဆူဆီမှာပါတဲ့ ဓာတုဓာတ်တစ်မျိုးက မျက်ခုံးမွှေးသန်စေဖို့ ကူညီပေးနိုင်ပါတယ်။ သုံးရမယ့်နည်းကတော့ ကြက်ဆူဆီအစက်အနည်းငယ်ကို မျက်ခုံးမှာလိမ်းပြီး မိနစ်အနည်းငယ်လောက် စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးရမှာပါ။ ပြီးရင်တော့ ရေနဲ့ပြန်လည်ဆေးကြောပေးပါ။ အသားအရေ Sensitive ဖြစ်တတ်သူတွေကလွဲလို့ ဒီနည်းကို တစ်နေ့တစ်ခေါက်ပုံမှန်လုပ်ပေးနိုင်ပါတယ်။

၃။ အုန်းဆီနဲ့ သံပယိုသီးခွံ


မျက်ခုံးအတွက် အစိုဓာတ်ရပြီး အရှည်သန်လာဖို့ အုန်းဆီလိမ်းပေးဖို့လည်း လိုပါတယ်။ အုန်းဆီနဲ့ အမှုန့်ကြိတ်ထားတဲ့ သံပယိုသီးအခွံတို့ကိုရောကာ ညဘက်အိပ်ရာမဝင်ခင်မှာ မျက်ခုံးတစ်ဝိုက် ဂွမ်းစနဲ့တို့ပြီး ခပ်ပါးပါးလေးလိမ်းပေးပါ။

၄။ ကြက်သွန်နီရည်


ကြက်သွန်နီက မျက်ခုံးမွှေးအရှည်မြန်ပြီး ခဏအတွင်း အသစ်ထွက်လာအောင် ကူညီပေးနိုင်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ ကြက်သွန်နီကို အရည်ရအောင် ကြိတ်ပြီး ရလာတဲ့အရည်ကို ဝါဂွမ်းစနဲ့ မျက်ခုံးမှာလိမ်းပြီး ထားလိုက်ရုံပါပဲ။ နာရီအနည်းငယ်ထားပြီးနောက်မှာ ရေနဲ့ဆေးချပေးပါ။ ကြက်သွန်နီကို အနံ့သိပ်မခံနိုင်တဲ့သူတွေအနေနဲ့ ရှားစောင်းနဲ့တွဲသုံးတာမျိုးလုပ်နိုင်ပါတယ်။

၅။ နွားနို့

နို့နဲ့ နို့ထွက်ပစ္စည်းတွေရဲ့ ပရိုတင်းနဲ့ ဗီတာမင်ဓာတ်တွေကရတဲ့ အာဟာရဓာတ်က ဆံပင်နဲ့ အမွှေးအမျှင်တွေရှည်ထွက်ပြီး အုံထူလာဖို့ ကူညီပေးနိုင်တာမို့ သင့်အနေနဲ့ နွားနို့အနည်းငယ်ကို ဝါဂွမ်းလေးနဲ့ယူပြီး မျက်ခုံးတွေပေါ်လိမ်းပေးတာမျိုးပြုလုပ်ပေးပါ။ အချိန်တိုအတွင်းသိသာတဲ့ရလဒ်အတွက် ညအိပ်ရာမဝင်ခင် ပုံမှန်သုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar