မင်္ဂလာပါ ပျိုမေတို့ရေ။ မှန်ကြည့်လိုက်တိုင်း မျက်နှာနဲ့လည်ပင်းအသား တစ်ခြားစီဖြစ်ပြီး လည်ပင်းကပဲ ကွက်မဲနေလို့ စိတ်အနှောက်အယှက်ဖြစ်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးမှာပါတဲ့ အကြောင်းအရာက သင့်အတွက်ပါပဲနော်။

ဒီတစ်ခေါက်မှာ လည်ပင်းအသားအရောင် မညီဘဲ မဲနေတာတွေ တဖြည်းဖြည်းသက်သာဖို့ ပြန်လည်ထိန်းသိမ်းနိုင်မယ့် သဘာဝနည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာပါ။ ဘေးထွက်ဆိုးကျိုးနည်းပြီး လုပ်ရလွယ်တဲ့ သဘာဝနည်းတွေဖြစ်လို့ ကိုယ့်အသားအရေနဲ့အဆင်ပြေတာရွေးပြီး စမ်းလုပ်ကြည့်လိုက်ပါနော်-

၁။ ရှားစောင်းလက်ပတ်

Antioxidants ကြွယ်ဝတဲ့ ရှားစောင်းက အရေပြားဆဲလ်အသစ်ဖြစ်စေတာမို့ အသားအရောင်ညစ်နေတာတွေကို သန့်စင်ပေးနိုင်ပါတယ်။ အသားအေးတဲ့အပြင် အစိုဓာတ်လည်းဖြည့်ပေးတာမို့ အသားညိုသူတွေဖြစ်တတ်တဲ့ ယားယံတာ၊ အသားခြောက်တာတွေလည်းမဖြစ်စေပါဘူး။ သင်လုပ်ရမှာက ရှားစောင်း Gel အနည်းငယ်ယူပြီး လည်ပင်းမဲတဲ့နေရာတွေအပေါ်လိမ်းထားရုံပါပဲ။ ခြောက်သွားတဲ့အခါ ရေအေးနဲ့ပြန်ဆေးတာမျိုး လုပ်နိုင်သလို လိမ်းထားပြီး မနက်မှရေနဲ့ဆေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၂။ သံပယိုရည်

Vitamin C ပါဝင်မှုများတဲ့ သံပယိုရည်မှာ ဂျေးချွတ်ပေးနိုင်တဲ့ အက်စစ်အာနိသင်တွေပါဝင်တာမို့ လည်ပင်းသားအရောင်ညစ်တာကို သက်သာစေပါတယ်။ သံပယိုရည်အနည်းငယ်ညှစ်ပြီး မဲနေတဲ့နေရာတွေအပေါ် မိနစ် ၂၀ လောက်လိမ်းထားပေးပါ။ ခြောက်သွားတဲ့အခါ ရေအေးနဲ့ဆေးချပေးရမှာဖြစ်ပါတယ်။ Sensitive ဖြစ်တတ်တဲ့သူတွေက အာနိသင်နည်းနည်းပျော့အောင် Rosewater လေးနဲ့တွဲပြီး သုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။

၃။ သခွားသီး

သခွားသီးကို အရည်ရအောင်ကြိတ်ပြီး သံပယိုရည်အနည်းငယ်နဲ့ ရောပေးပါ။ ရလာတဲ့အရည်ကို ဝါဂွမ်းစလေးနဲ့ယူကာ လည်ပင်းမှာတို့လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပေးရပါမယ်။ သခွားသီးက အသားအေးရုံတင်မကဘဲ အရေပြားသန့်စင်ပြီး Glow စေဖို့ပါ ကူညီပေးမှာပါ။

၄။ ဒိန်ချဉ်နဲ့ နနွင်းမှုန့်

ဒိန်ချဉ်က အသားလင်းစေတဲ့ သဘာဝပစ္စည်းတစ်မျိုးပါ။ သူ့ကို နနွင်းမှုန့်၊ ပျားရည်နည်းနည်းတို့နဲ့ ရောပြီးသုံးပေးတာက လည်ပင်းကို သိသိသာသာဖြူလာစေတာမို့ ၁၀ မိနစ်လောက် သုံးပေးပြီး ရေနွေးနွေးနဲ့ပြန်ဆေးပေးသင့်ပါတယ်။

၅။ အာလူး

အသားအရောင်ညီဖို့ အာလူးကိုလည်း သုံးလို့ရပါတယ်နော်။ အာလူးတစ်လုံးကို ခပ်ပါးပါးလှီးပြီး ရလာတဲ့ အာလူး Slice တွေနဲ့ ညိုမဲနေတဲ့လည်ပင်းနေရာကို ၅ မိနစ်လောက်ပွတ်ပေးပါ။ နေ့တိုင်းပုံမှန်လေးလုပ်ပေးမယ်ဆိုရင် အချိန်တိုအတွင်း သိသာတဲ့ရလဒ်ကိုတွေ့ရပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar