ဆံပင်အဖျားနှစ်ခွဖြစ်တာက မိန်းကလေးတိုင်းလိုလို ဖြစ်နေကြတာပါ။ တော်တော်များများကတော့ နှစ်ခွတွေကိုညှပ်ထုတ်ပစ်တာမျိုးပဲ လုပ်ကြပါတယ်။ ဒါပေမယ့် အဖျားတွေညှပ်ထုတ်လိုက်၊ ပြန်ဖြစ်လိုက်နဲ့ ဘာမှမထူးပါဘူး။ ဆံပင်ညှပ်လိုက်ရတာပဲ အဖက်တင်ပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွဖြစ်တာတွေကို ဖြေးဖြေးချင်းစီသက်သာပြီး ပျောက်သွားစေမယ့် အိမ်တွင်းဖြစ်နည်းလမ်း ၅ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲကမှ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးပြီးတော့ ပုံမှန်စွဲလုပ်ပေးမယ်ဆိုရင်တော့ သိသာတဲ့ Result ကို ရရှိမှာပါ။

ဘီယာ

Spray ဘူးထဲကို ဘီယာထည့်ပြီး ဆံသားကိုဖြန်းပေးပါ။ နှစ်ခွဖြစ်တဲ့ ဆံပင်အဖျားတွေကို ပိုပြီးဖြန်းပေးပါ။ ပြီးရင်တော့ ၁၀ မိနစ်ထားပြီး Mild ဖြစ်တဲ့ Shampoo နဲ့ ခေါင်းလျှော်ပေးရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံပင်နှစ်ခွဖြစ်တာ၊ ပျက်စီးနေတာတွေကို သက်သာစေပြီး ဆံသားတောက်ပြောင်စေပါတယ်။

သင်္ဘောသီး

ကိုယ့်ဆံပင်အရှည်ပေါ်မူတည်ပြီး သင်္ဘောသီးကို သင့်တော်သလောက်ယူပြီး အခွံခွာ၊ အစေ့တွေဖယ်ပြီး ချောပေးပါ။ ပြီးရင်တော့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ရောမွှေပါ။ သေချာမွှေပြီးရင်တော့ ဆံသားမှာ သေချာသုတ်လိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံပင်အဖျားနှစ်ခွဖြစ်တာတွေကို သက်သာစေပြီး ဆံသားကျန်းမာစေပါတယ်။

ကြက်ဥအနှစ်

ကြက်ဥအနှစ်ကို ပန်းကန်ထဲထည့်ပြီး သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း၊ ပျားရည် – အနည်းငယ်တို့နဲ့ ရောခလောက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားကိုနှိပ်နယ်ပြီး လိမ်းပေးပါ။ ဆံပင်အဖျားတွေကိုလည်း သေချာနှံ့အောင်လိမ်းပေးပါ။ လိမ်းပြီးရင် Shower Cap နဲ့ ခေါင်းပေါင်းထားပြီး ခြောက်တဲ့အထိထားလိုက်ပါ။ ခြောက်ပြီဆိုမှ အနံ့မွှေးတဲ့ခေါင်းလျှော်ရည်နဲ့ သေချာလျှော်ပေးပါ။ ကြက်ဥကညှီတဲ့အတွက် သေချာလျှော်ပေးဖို့ လိုပါတယ်။ ဒီနည်းလမ်းကလည်း ဆံသားနှစ်ခွဖြစ်တာကို သက်သာစေပါတယ်။

အုန်းဆီ

အလွယ်ကူဆုံးနည်းလမ်း ဖြစ်ပါတယ်။ အုန်းဆီကို ဆံပင်အဖျားတွေမှာ သေချာရွှဲနေအောင်လိမ်းထားပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကတော့ ဆံပင်အဖျားနှစ်ခွဖြစ်တာ၊ ဖွာတာတွေကို သက်သာစေပါတယ်။

ပျားရည်

ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး ဦးရေပြားနဲ့ဆံသားမှာ သေချာလိမ်းထားပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ Mild Shampoo နဲ့ ခေါင်းလျှော်ပေးပါ။ ဒီနည်းလမ်းကတော့ ဆံပင်နှစ်ခွဖြစ်တာတွေ သက်သာစေပြီး ဆံပင်အရှည်မြန်စေပါတယ်။